အောက်တိုဘာ ၂၈၊ အင်္ဂလန် ။ ။ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံး နည်းပြဖြစ်သည့် မန်ယူနည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်က ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်သည့် အသင်းငါးသင်းကို ရွေးချယ်ခဲ့သည်။
ဖာဂူဆန်ရွေးချယ်ခဲ့သည့် ငါးသင်းမှာ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်၊ စပါးနှင့် လီဗာပူးလ်အသင်းတို့ဖြစ်ပြီး ၎င်းက မန်စီးတီးအသင်းမှာ ဗိုလ်စွဲရန်ရေပန်းအစားဆုံးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဖာဂူဆန်၏ခန့်မှန်းမှုတွင် မန်ယူကို လေးဂိုးပြတ်နိုင်ခဲ့သည့် နည်းပြကွန်တီ၏ ချယ်လ်ဆီးအသင်း မပါဝင်ခဲ့ပေ။
‘ဒီနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ငါးသင်း ယှဉ်ပြိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ မန်စီးတီးအသင်းက ရေပန်းအစားဆုံးပါ။ ပြီးတော့ စပါးနဲ့လီဗာပူးလ်။ မန်ယူအသင်းလည်း ဒီစာရင်းထဲမှာ ပါဝင်ပါသေးတယ်။ ကျွန်တော်တို့ မှန်ကန်ညီညွတ်တဲ့ ခြေစွမ်းကို ရရှိခဲ့မယ်ဆိုရင်ပေါ့’
‘မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ရဲ့အတွေ့အကြုံတွေကြောင့် ဒီပြိုင်ပွဲက ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ခင်ဗျားတို့အနေနဲ့ အာဆင်နယ်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီအသင်းက ပိုပြီးမာကျောလာပါတယ်။ သူတို့ဟာ ပိုကောင်းတဲ့ခြေစွမ်းကို ရနေပြီး ကစားပုံကလည်း ရဲရင့်ပါတယ်။ အိုင်ဝိုဘီရဲ့ ခြေစွမ်းကို ကျွန်တော် အတော်သဘောကျပါတယ်’ ဟု ဖာဂူဆန်က ပြောဆိုခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်