ငါနဲ့မတူ ငါ့ရန်သူ ရန်သူသဘောထားများ ပြင်ဖို့လိုပြီလို့ ဦးရွှေမန်းပြော

ငါနဲ့မတူ ငါ့ရန်သူ ရန်သူသဘောထားများ ပြင်ဖို့လိုပြီလို့ ဦးရွှေမန်းပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၃၀၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံရေးပါတီများအနေဖြင့် ရန်သူ၊ ရန်ဘက်လို သဘောထားများကို ပြုပြင်ပြီး လုပ်ဖော်ကိုင်ဖက်စိတ်မွေးပြီး အလုပ်လုပ်ကြဖို့လိုပြီဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

"ရန်သူမဟုတ်ဘူး။ ရန်ဘက်မဟုတ်ဘူး။ လုပ်ဖော်ကိုင်ဘက်လို သဘောထား၊ ပြိုင်စရာရှိရင် တစ်ကယ့်မှန်ကန်တဲ့ ပြိုင်ဆိုင်မှုမျိုးပဲ လုပ်ဖို့လိုတယ်" ဟု ပြည်ထောင်စုလွှတ်တော်၏ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက ၂၀၁၆ခုနှစ်၊ ဩဂုတ် ၃၀ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"အရင့်အရင်က ဖြစ်ခဲ့တာတွေက တစ်ပါတီနဲ့ တစ်ပါတီ ငါနဲ့မတူ ငါ့ရန်သူ ရန်သူလိုသဘောထားပြီး ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မို့လို့ တစ်ပါတီနဲ့ တစ်ပါတီ ရန်သူလို သဘောမထားပါနဲ့။ ရန်ဘက်လို သဘောမထားပါနဲ့။ နိုင်ငံ့အတွက်၊ နိုင်ငံ့အရေးအတွက် လုပ်ဖော်ကိုင်ဖက်များလို သဘောထားပြီးတော့ ယှဉ်ပြိုင်ကြပါ" ဟု သူရဦးရွှေမန်းက ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဥက္ကဌသစ်ပြောင်းလဲလိုက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌသစ်ဖြစ်လာသူ ဦးသန်းဌေးကို သူရဦးရွှေမန်းက ဝမ်းမြောက်ဂုဏ်ပြုစာပေးပို့ရာတွင်လည်း "ပါတီ၏ မူဝါဒနှင့်အညီ အခြားနိုင်ငံရေးပါတီများသည် ရန်သူမဟုတ်၊ ရန်ဘက်မဟုတ်၊ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပြီး အမျိုးသားအကျိုးစီးပွားအတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းနှင့်မဆို ဆွေးနွေးတိုင်ပင်ညှိနှိုင်းကာ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုပါသည်" ဟု ဂုဏ်ပြုစာတွင် ရေးသားထားသည်။

ငါနဲ့မတူ ငါ့ရန်သူ၊ ရန်သူသဘောထားများ ပြင်ဖို့လိုပြီဟု ပြောဆိုလိုက်သည့် သူရဦးရွှေမန်းအနေဖြင့် သမ္မတဟောင်းတဖြစ်လဲ ပြည်ခိုင်ဖြိုးဥက္ကဌဟောင်း ဦးသိန်းစိန်နှင့် လက်ရှိဆက်ဆံရေးကိုမူ မေးစရာပင်မလိုအောင် ခန့်မှန်းကြည့်ပါဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

၂၀၂၀ခုနှစ်အတွက် နိုင်ငံရေးရည်မှန်းချက် ထားရှိမှုနှင့်ပတ်သက်၍မူ သူရဦးရွှေမန်းက အောက်ပါအတိုင်း ပြောသည်။

"ပြည်သူများကောင်းစားရေး၊ နိုင်ငံတော်တိုးတက်ရေးအတွက် ရောက်တဲ့နေရာမှာ ရှိတဲ့တာဝန်နဲ့ အတတ်နိုင်ဆုံး စေတနာထားပြီး ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ မိမိရဲ့ အဓိကနိုင်ငံရေးရည်မှန်းချက်ပဲ ဖြစ်ပါတယ်" ဟု သူရဦးရွှေမန်းက မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required