ဗဟန်းလူသတ်မှု ကျူးလွန်သူဟု စွပ်စွဲခံရသူကို မော်လမြိုင်တွင် ဖမ်းမိ

ဗဟန်းလူသတ်မှု ကျူးလွန်သူဟု စွပ်စွဲခံရသူကို မော်လမြိုင်တွင် ဖမ်းမိ
Photo-Yagon Police Page

ဗဟန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို သတ်ခဲ့သူဟု ယူဆရသူ အောင်ဇင်ဗိုလ် (ခ) ဇင်ဗိုလ်ကို မော်လမြိုင်မြို့တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း Yangon Police Facebook စာမျက်နှာက ရေးသားထုတ်ပြန်သည်။

“မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်စဉ် ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး၌ Yangon Police Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော ပြစ်မှုကျူးလွန်သူ၏ ဓါတ်ပုံနှင့် ပုံသဏ္ဍန်တူညီသူ အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ ၎င်းသည် ၂၉.၈.၂၀၁၆ ရက်နေ့   ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်(ခ) ဇင်ဗိုလ်ဖြစ်ကြောင်း၊ အဆိုပါအမှုအား ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင် လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့ပါသည်။” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဖမ်းဆီးရမိသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်အား ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွား ရောက်ခေါ်ဆောင်လျက်ရှိပြီး အမှုဖြင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်” ဟုလည်း ဖေါ်ပြထားသည်။

ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် သြဂုတ်လ ၂၉ ရက်က လူသတ်မှုဖြစ်ပွားရာတွင်  သေဆုံးသူမှာ မခိုင်မာလာ ဆိုသူဖြစ်ပြီး “ကြမ်းပြင်ပေါ်တွင် ပက်လက် အနေအထားဖြင့် လဲကျနေပြီး မျက်နှာအား အင်္ကျီ အုပ်ထားသဖြင့် ဖယ်ရှားကြည့်ရှုရာ ပါးစပ်အတွင်း အင်္ကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိသည့်အပြင် မခိုင်မာလာ၏ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း အောင်ဇင်ဗိုလ်မှ လည်ပင်းညစ်ကာ ရိုက်နှက်သွားသဖြင့် ဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရ” ကြောင်း ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required