ဇွန် ၁၀ ။ ။ လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရီပတ်ဘလင်ကန်ဘက်မှ ဒေါ်နယ်ထရန့်အပေါ် အနိုင်ရရန်အတွက် ဟီလာရီကလင်တန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ကာ ဒီမိုကရက်တစ်ပါတီ၏ စည်းလုံးညီညွတ်မှုကို ပြသမည်ဟု ဘာနီ ဆန်းဒါးက ဇွန်လ ၉ ရက်တွင် ပြောကြားသွားခဲ့သည်။ သို့သော် လာမည့်သီတင်းပတ် နောက်ဆုံးသော မဲဆန္ဒနယ်တစ်ခုတွင်သာ မဲဆွယ်ရန် ကျန်ရှိနေချိန်တွင် သမ္မတကိုယ်စားလှယ်လောင်းပြိုင်ပွဲမှ လက်လျှော့ထွက်ခွာရန်ကိုမူ ဆန်းဒါးက ခေါင်းမာနေဆဲဖြစ်နေသည်။
ဒေါ်နယ်ထရန့်နှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတွင် ပါတီ၏ စုစည်းညီညွတ်မှုကို တွန်းအားပေးနိုင်ရန် မကြာမီ ဟီလာရီနှင့် တွေ့ဆုံစကားပြောသွားမည်ဟု ဆန်းဒါးက ပြောသည်။
" နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ နှင့် အင်္ဂါနေ့ညတုန်းကလည်း စကားနည်းနည်းပါးပါး ပြောဖြစ်ခဲ့ပါတယ်၊ သူမရဲ့ အောင်မြင်မှုအတွက်လည်း ဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်" ဟု ဆန်ဒါးက ပြောသည်။
" တစ်ဘက်က တက်လာမယ့် ဒေါ်နယ်ထရန့်ကို အနိုင်ယူဖို့အတွက် ကျွန်တော်တို့ ဒီမိုကရက်တစ်က လူတွေ ဘယ်လိုမျိုး လက်တွဲလုပ်ဆောင်နိုင်သလဲဆိုတာ ပြသချင်ပါတယ်၊ ဒါကြောင့်လည်း ဟီလာရီနဲ့ မကြာခင် တွေ့ဆုံသွားဖို့ ရှိပါတယ်၊ တကယ်လို့ အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင်လည်း အဲဒီအစိုးရက ကျွန်တော်တို့အားလုံးကို ၁၀၀ ရာခိုင်နှုန်း ကိုယ်စားပြုမှာဖြစ်ပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသွားခဲ့သည်။
ဒီမိုကရက်တစ်ပါတီတွင်း အစိုင်အခဲများကို ငြိမ်းသတ်နိုင်ရန် သမ္မတအိုဘားမားက အထက်လွှတ်တော်အမတ် ဆန်းဒါး နှင့် အိမ်ဖြူတော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပါတီတွင်း သမ္မတလောင်းအဖြစ် ဟီလာရီအား အသိအမှတ်ပြုရန် ဆန်းဒါးအား တိုက်တွန်းပြီး အသိအမှတ်ပြုရန် အိုဘားမားက ကြားဝင်စေ့စပ်ပေးခဲ့သည်ဟု ယုံကြည်ရသည်။
ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဟီလာရီကို သမ္မတ အိုဘားမားနှင့် ဒုသမ္မတ ဂျိုးဘိုင်ဒင် တို့က တရားဝင် အတည်ပြုထောက်ခံပေးခဲ့ကြပြီဖြစ်သည်။