မေ ၁၆၊ လန်ဒန် ။ ။ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး ၂၅ ဂိုးဖြင့်ရရှိသွားသည်။
ယင်းတိုက်စစ်မှူးသည် သွင်းဂိုး ၂၄ ဂိုးစီသွင်းယူထားကြသည့် လက်စတာတိုက်စစ်မှူး ဗာဒီနှင့် မန်စီးတီးတိုက်စစ်မှူး အဂူရိုတို့ကို ကျော်ကာ ရွှေဖိနပ်ဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။
စပါးအသင်းက နယူးကာဆယ်ကို ၅-၁ ဖြင့်ရှုံး၊ လက်စတာက ချယ်လ်ဆီးနှင့် တစ်ဂိုးစီသရေကျ၊ မန်စီးတီးက ဆွမ်ဆီးနှင့် တစ်ဂိုးစီသရေကျ သည့် ရာသီနောက်ဆုံးပွဲများတွင် အဆိုပါတိုက်စစ်မှူး သုံးဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့ကြခြင်း မရှိပေ။
အာဆင်နယ်အသင်းက အက်စတွန်ဗီလာကို ၄-၀ ဖြင့်အနိုင်ရခဲ့သောကြောင့် စပါးအသင်းမှာ အဆင့် ၃ နေရာသို့ဆင်းပေးလိုက်ရပြီး ၂၁ ရာသီဆက်တိုက် အာဆင်နယ်၏အထက်တွင် ရပ်တည်နိုင်ခြင်းမရှိ ဖြစ်ခဲ့ရသည်။
ကိန်း၊ ဗာဒီ၊ အဂူရိုတို့၏နောက်တွင် လူကာကူ၊ မာရက်ဇ်၊ ဂျရူးဒ်၊ အစ်ဟာလိုနှင့် ဒီဖိုးတို့ အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။
ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားများ
၁။ ဟယ်ရီကိန်း (စပါး) ၂၅ ဂိုး
၂။ ဗာဒီ (လက်စတာ) ၂၄ ဂိုး
၂။ အဂူရို (မန်စီးတီး) ၂၄ ဂိုး
၄။ လူကာကူ (အဲဗာတန်) ၁၈ ဂိုး
၅။ မာရက်ဇ် (လက်စတာ) ၁၇ ဂိုး
၆။ ဂျရူးဒ် (အာဆင်နယ်) ၁၆ ဂိုး
၇။ အစ်ဟာလို (ဝက်ဖို့ဒ်) ၁၅ ဂိုး
၇။ ဒီဖိုး (ဆန်းဒါးလန်း) ၁၅ ဂိုး
၉။ ဒီနေး (ဝက်ဖို့ဒ်) ၁၃ ဂိုး
၉။ ဆန်းချက်ဇ် (အာဆင်နယ်) ၁၃ ဂိုး
Ref; Mirror