ဖားကန့်ဘက် KIA နှင့် တပ်မတော် တုုိက်ပွဲ တကျော့ပြန် ဖြစ်ပွား

ဖားကန့်ဘက် KIA နှင့် တပ်မတော် တုုိက်ပွဲ တကျော့ပြန် ဖြစ်ပွား
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)

ချင်းမိုင်၊ မေ ၆ ။              ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့ မေလ ၅ ရက်က တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားနေကြောင်းသိရသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေ ကပ်မော်ဘက်သို့ မြန်မာ့တပ်မတော်နှင့် ရှမ်းနီ ပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၁၀၀ ခန့်က ထိုးစစ်ဆင်ဝင်ရောက်လာသဖြင့် မွန်လွဲပိုင်း ၁ နာရီခွဲတွင် တစ်ကြိမ်၊ ညနေပိုင်း ၄ နာရီခွဲတွင် တစ်ကြိမ် KIA တပ်ဖွဲ့များ ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

“စပေါ်မှော် ကျွန်တော်တို့ တပ်ရှိတဲ့ဘက်ကို စစ်တပ်က ထိုးစစ်တင်လာ နှစ်ကြိမ် တိုက်ပွဲတယ်။ တိုက်ပွဲက သိပ်တော့ မပြင်းထန်ဘူး။ ရင်ဆိုင်တိုက်ပွဲဘဲ ဖြစ်တာ။ နမ့်ယာ၊ ကပ်မှော်နားမှာ ရှမ်းနီနဲ့ တပ်မတော် စုပေါင်းပြီး အင်အား ၁၀၀ လောက် တက်လာလို့ တိုက်ပွဲ ဖြစ်လာတာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

ညနေပိုင်းထိ အဆိုပါ မြန်မာ့တပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်းတပ်များသည် တိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးတဝိုက်တွင် ရှိနေဆဲ ဖြစ်၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

“ဘယ်လို ဖြစ်လာမလဲ မသိဘူး။ သူတို့က ဆုတ်ခွာသွားတာ မရှိဘူး။ အဲဒီပတ်ဝန်းကျင်မှာဘဲ ရှိနေသေးတယ်။ သူတို့ ဆက် တက်လာ ရင်တော့ တိုက်ပွဲ ထပ်ဖြစ်လာနိုင်တယ်။ တက်လာရင်တော့ ကျွန်တော်တို့လှမ်းပစ်မှာဘဲ”ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း KIA တပ်ရင်း ၆ နှင့် မြန်မာ့တပ်မတော်တု့ိအကြား နမ့်ယားကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ကြားသိရသော်လည်း အခြေအနေ အသေးစိတ်မသိရသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၇ ရက်ကလည်း KIA ဌာနချုပ် လိုင်ဇာအနီး KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ ၏ ရှေ့တန်းစခန်းသို့ မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းများတွင်လည်း နေ့စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required