စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပျဉ်းစုကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့ ပစ်ခတ်မှုပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ရက် နံနက် ၇နာရီမှစ၍ နေ့လယ် ၁၂နာရီအချိန်ထိ ငါးနာရီကျော်ကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ ဂျက်ဖိုက်တာတစင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
“ အဲဒီစစ်ကြောင်းက ဆားတွင်းရွာနဲ့ ရွှေလီရွာကနေ ကွဲထွက်လာတဲ့လာတာပေါ့လေ။ အဲဒါထန်းကုန်းရွာမှာစစ်ကြောင်း နှစ်ခုပြန်ပေါင်းပြီးတော့ဒီဘက်က ပျဥ်းစုရွာဘက်ကို ဝင်လာတော့ ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က အကျအဆုံးကတော့ များနိုင်ပါတယ်။ အကျအဆုံးကိုတော့ အတိအကျမသိနိုင်ပါဘူး။ သူတို့(စစ်ကောင်စီတပ်)ဘက်က အထိနာနေတော့ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတာပါ။” ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
အောက်တိုဘာ ၁၁ရက်မှစ၍ ထီးချိုင့်မြို့မှ ထွက်လာသော အင်အား ၁၈၀ နီးပါးပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ထန်းကုန်းရွာမှ ပျဥ်းစုရွာဘက်သို့ ထွက်လာစဥ် ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် KIA တပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူထံက သိရသည်။
စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာတစီးဖြင့် နှစ်ကြိမ်တိတိ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဗုံးများသည် ပျဥ်းစုရွာအနီးပတ်ဝန်းကျင်နှင့် လယ်ကွင်းထဲများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မရှိဟု လည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ထီးချိုင့်မြို့နယ် ၊ ထန်းကုန်းရွာအတွင်း တပ်စွဲနေဆဲဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက် ၈နာရီအချိန်တွင်လည်း ထန်းကုန်းရွာအနီးတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားနေမှုများကြောင့် ထီးချိုင့်မြို့နယ်မှ ထန်းကုန်းရွာ၊ ပျဥ်းစုရွာ၊ ဆားတွင်းရွာ၊ ရွှေလီရွာစသော ကျေးရွာများရှိ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှာ တိုက်ပွဲနောက်ဆုံးဖြစ်ပွားခဲ့ပြီး ထိုကာလနောက်ပိုင်း စစ်ရေးအခြေအနေ ငြိမ်သက်နေရာမှ ယမန်နေ့ အောက်တိုဘာလ ၁၃ရက်တွင် တကျော့ပြန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး