ရေတာရှည်တွင် ကာကွယ်ရေးတပ်ဖွဲ့က ထိုးစစ်ဆင်လာပြီးနောက် ရက်ဆက် တိုက်ပွဲဖြစ်ပွား

By ရွှေနွယ်( မဇ္ဈိမ )
11 September 2023
ရေတာရှည်တွင် ကာကွယ်ရေးတပ်ဖွဲ့က ထိုးစစ်ဆင်လာပြီးနောက် ရက်ဆက် တိုက်ပွဲဖြစ်ပွား
ပုံအညွှန်း− တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) မှ တပ်ဖွဲ့ဝင်များ ရေတာရှည်မြို့နယ်အတွင်းစစ်ရေးလှုပ်ရှားမှု (ပုံဟောင်း)

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ တလနီးပါးကြာမြင့်နေပြီဖြစ်ကြောင်း ဒေသတွင်း တော်လှန် ရေးအင်အားစုများထံမှ သိရသည်။

စစ်တောင်းမြစ်ဝှမ်းတလျှောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ စစ်ရေးအရှိန်မြှင့်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုအပေါ် စစ်ကောင်စီတပ်မှလည်း တန်ပြန်စစ်ကြောင်းများထိုးလာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ရေတာရှည်မြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစတင်ကာ ERO ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ ယခင်ကထက် စစ်ရေးအရှိန် ပိုမိုတိုးမြှင့်လာခြင်းဖြစ်ကြောင်း တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးမှ ပြောသည်။

“အဓိကတော့ ကျွန်တော်တို့ဘက်က စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ခြမ်းကို ကူး ပြောင်းပြီးတော့ ထိုးစစ်ဆင် စစ်ရေးအရှိန်မြှင့်လာချိန်မှာ သူတို့က ကာစစ်ပြန်ထိုးတော့ စစ်ကြောင်းတွေ ထိပ်တိုက်တွေ့တဲ့ သဘောဖြစ်တာပါ” ဟု တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကလည်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေသောင်ရွာဟောင်း ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ERO ၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား နံနက် ၉ နာရီခန့်မှ စတင်ကာ ညနေ ၅ နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရက်ဆက်ဖြစ်နေတာပါ၊ တလပြည့်တော့မယ်၊ လက်ရှိလည်း ပစ်နေကြတယ်" ဟု မြေပြင်တွင် တိုက်ပွဲ ဝင်နေသည့် သံတောင်မြောက်ပိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူ ကိုနွေဦးမှ ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာသည်ဟု မြေပြင်သတင်းအချက် အလက်များအရသိရပြီး ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း ကိုနွေဦးက ပြောသည်။

NUG-MOD ၏ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးသည် ဟု ဖော်ပြထားသည်။ တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်းလည်း ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ “လမ်းအားလုံး နေပြည်တော်သို့” စစ်ဆင်ရေး ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ဖော်ပြောကြားပြီး နောက် စစ်တောင်းမြစ်ဝှမ်း ဒေသစိုးမိုးရေးနှင့် ရန်ကုန်−မန္တလေး အမြန်လမ်းဟောင်း နယ်မြေစိုးမိုးရေးကို လည်းလုပ်ဆောင်နေကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသခွဲ တပ်ရင်း၊ တပ်ဖွဲ့များထံမှ သိရသည်။

စစ်တောင်းမြစ်ဝှမ်းဒေသအား စိုးမိုးနိုင်ပါက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့ ပေးပို့ နေသည့် စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကိုလည်း ဖြတ်တောက်နိုင်မည်ဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ နေပြည်တော်သို့သွားရာ အဓိကလမ်းမကြီးများကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

လက်ရှိတွင် စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိ မြို့နယ်များဖြစ်သော ရေတာရှည်၊ ထန်းတပင်၊ ဖြူး၊ မုန်းနှင့် ကျောက်ကြီးမြို့နယ်တို့တွင် နှစ်ဘက်စစ်ရေးတင်းမာနေသည်။

ရေတာရှည်မြို့နယ်အတွင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁)၊ (၃၅၀၂)၊ နေပြည်တော် PDF ရိုးမစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်းနှင့် သံတောင်ဒေသတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလေ့ရှိကြောင်း သိရ သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required