ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနှင့် ဇမိခန်းမကို ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီချ တိုက်ခိုက်

By YT (မဇ္ဈိမ)
03 September 2023
ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနှင့် ဇမိခန်းမကို ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီချ တိုက်ခိုက်
ပုံအညွှန်း- Cloud Wings တပ်ဖွဲ့ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံများ (ဓါတ်ပုံ- Cloud Wings)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် ဇမိခန်းမတို့အား တပ်မဟာ (၆) KNLA၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings တပ်ဖွဲ့ကယနေ့ စက်တင်ဘာလ ၃ရက်တွင် ထုတ်ပြန်သည်။ 

စက်တင်ဘာလ ၁ ရက် ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်းနှင့် စက်တင်ဘာလ ၂ ရက် နံနက် ၃ နာရီတွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဇမိခန်းမတို့အား ဒရုန်းဖြင့် ၁၀၇ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ဇမိခန်းမနှင့်ရဲစခန်း အဆောက်အအုံအချို့ အမိုးအကာများ ထိမှန်ပျက်စီးကြောင်း Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိပြီး အဆိုပါနယ်မြေတွင် စစ်ကောင်စီတပ်၏ နယ်မြေစိုးမိုးနိုင်စွမ်း နည်းပါးလာကြောင်း ၎င်းကဆိုသည်။ 

“မြို့ပေါ်မှာ သူတို့စစ်တပ်နေရာ ရှိတယ်။သူတို့နေရာ ကွက်ကွက်လေးမှာပဲ နေတော့တယ် အပြင်ကို ထွက်မလာတော့ဘူး။ သူတို့တပ်ရှေ့မှာ တခါတလေ စစ်ဆေးရေးဂိတ်ဖွင့်တယ် ဒီလောက်ပဲ" ဟု ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အခြေအနေအား Cloud Wings မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ဩဂုတ်လ၂၇ ရက် နှင့်  ၂၈ ရက် တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲအထိုင်ချရာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်သမဝါယမ ဌာနရုံး၊ မြို့နယ်စည်ပင်သာယာရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးဘဏ်ရုံးတို့အား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required