မော်လမြိုင် သံလွင်တံတားပေါ်မှ သံဃာတော်တစ်ပါး ခုန်ချ

By ဂျူချန်း(မဇ္ဈိမ)
03 August 2023
မော်လမြိုင် သံလွင်တံတားပေါ်မှ သံဃာတော်တစ်ပါး ခုန်ချ
ဓါတ်ပုံ-လူမှုကွန်ရက် ပုံစာ-သံလွင်တံတားပေါ်မှ ခုန်ချခဲ့သည့် ဥူးကောသလ္လ၏ ဖိနပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုတ္တမမြို့ကို ဆက်သွယ်ထားသည့် သံလွင်တံတားပေါ်မှ သံဃာတော်တစ်ပါး ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံမှ သိရသည်။

“ပြုတ်ကျတာမဟုတ်ဘူး၊ ခုန်ချသွားတာ။ ကျနော့်စိတ်ထင် ဆေးရုံဆေးခန်းစရိတ်တွေ စဉ်းစားပြီး ခုန်ဆင်းသွားတာလားမပြောတတ်ဘူး။ အမှန်ကတံတားပေါ်မှာ ကားရပ်လို့မရဘူး။ အလေးစွန့်လို့လည်းမရဘူးလေ။ သုံးဘီးသမားကလည်း ကားပေါ်မှ စွန့်ချသွားမယ်ဆိုလို့ RP 11 နားလောက်မှာ ရပ်ပေးလိုက်တာပါ” ဟု မုတ္တမမြို့နေထိုင်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၀နာရီခွဲကျော်ခန့်တွင် မုတ္တမမြို့မှ ဥူးဇင်း ဥူးကောသလ္လ (ခ) ဦးကံဖန် သည် အဖော်ဥူးဇင်းတစ်ပါးနှင့်အတူ သုံးဘီးယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ဆေးခန်းပြရန် ထွက်ခွာလာစဉ် သံလွင်တံတားပေါ်ရှိ RP 11နှင့် RP 12 အကြားနေရာ၌ အလေးစွန့်ချင်ကြောင်း သုံးဘီးယာဥ်မောင်းကိုပြောရာ ယာဥ်မောင်းမှ ရပ်ပေးခဲ့သည်။ ထို့နောက်  တံတား၏ တစ်ဖက်ခြမ်းသို့ ကူးသွားပြီး လူသွားလမ်းစင်္ကြံ၏ တံတားဘောင်ကိုကျော်ကာ ခုန်ချသွားခဲ့ကြောင်း ဒေသခံက ပြောသည်။

တံတားပေါ်မှ ခုန်ချသတ်သေသွားသည့် ဥူးဇင်းသည် ပေါင်မြိုနယ်၊ မုတ္တမမြို့၊ ရွှေ‌ရေးကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့ပြီး သက်တော် ၄၉ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဥူးဇင်းသည် စိတ်ကျန်းမာရေးချွတ်ယွင်းနေသူမဟုတ်ဘဲ ဆေးရုံကုန်ကျစားရိတ်များကြောင့် တံတားပေါ်မှ ခုန်ချသွားသည်ဟု ဒေခံများမှ ပြောသော်လည်း ဥူးဇင်း၏ ခုန်ချသွားသည့် အကြောင်းအရင်းကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တံတားပေါ်မှ ခုန်ချသွားသည့် ဥူးဇင်း၏ ရုပ်ကလာပ်ကို ခုန်ချပြီးချိန်မှစ၍ ညနေပိုင်းအထိ ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများမှ ရှာဖွေခဲ့ကြသော်လည်း ယနေ့အထိ မတွေ့ရကြောင်းနှင့် ရေစီးသန်သဖြင့် ရုပ်ကလာပ် ပြန်တွေ့နိုင်ဖွယ်မရှိနိုင်ကြောင်း ဒေသခံက ပြောသည်။

“ရေစီးလည်းတအားသန်တာ။ တံတားအောက်မှာ ရေဆင်းကူးလို့ ရေမျောသွားရင်တောင် ရှာမရဘူး၊ အောက်မှ ကျွန်းနှစ်ခုရှိတယ်၊ အဲ့ကျွန်းတွေမှာ ငြိရင်တော့ရင်တောင်မှ လိုက်ရှာရင် တွေ့နိုင်ခြေရှိတယ်၊ မဟုတ်ဘူးဆိုရင်တော့ ပင်လယ်ဝ ရောက်သွားမယ်။ မနေ့ညနေက ဖြတ်သွားတာတော့ ရှာဖွေတာမရှိကြတော့ဘူး” ဟု ဒေသခံက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးပြဿနာများကြောင့် စိတ်ကျရောဂါများဖြစ်ကာ မွန်ပြည်နယ်အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ခပ်စိတ်စိတ် ဖြစ်ပွားလာသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required