ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာကို ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက် ၁၁ နာရီ၀န်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က လေယာဥ်ငါးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CDF-Kanpetlet (Khonu Battalion)က သတင်းထုတ်ပြန်သည်။
“လေယာဥ်သုံးစီးနဲ့ တခါလာကြဲတယ်။ နောက်တစ်ခါ နှစ်စီးနဲ့ ထပ်လာကြဲသွားတယ်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းအပါအဝင် လူနေအိမ်တွေ ပျက်စီးသွားပါတယ်။ လူထိတာတော့မရှိဘူး” ဟု CDF-Kanpetlet မှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။
ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှစ၍ ကျင်ဒွေးမြို့ဘက်သို့ ရိက္ခာလာပို့မည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြော သည်။
“ဒီမနက်တိုက်ပွဲမှာတော့ သူတို့ (စစ်ကောင်စီတပ်) ဘယ်လောက်ကျသလဲတော့ အတိကျမသိရဘူး၊ အထိ တော့နာကြတယ်။ ကျွန်တော်တို့ဖက်ကတော့ မစိုးရိမ် တဲ့ကျည်ရှပ်ထိဒဏ်ရာရတယောက်ရှိပါတယ်” ဟု တာဝန်ရှိသူက ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်(Khonu Battalion) ၏ ထုတ်ပြန်ထားသော မှတ်တမ်းဓာတ်ပုံ များတွင် ဘာသာရေးအဆောက်အဦးအပါဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးသွားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်ကလည်း မကွေးတိုင်းနှင့် ချင်းပြည်နယ် ကန်ပက်လက်နယ်စပ် ရင်းကဲကျေး ရွာအနီးတွင် တင့်ကားနှစ်စီးအပါအဝင် ကားအစီး ၂၀ ကျော်ဖြင့် အင်အား ၃၀၀ ခန့်ပါသော စစ်ကောင်စီ တပ်ဖွဲ့ စစ်ကြောင်းနှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
အဆိုပါတိုက်ပွဲများကြောင့် ကျင်းဒွေးလမ်းမကြီးတလျှောက်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ် ကျေးရွာများရှိဒေသခံများစစ်ဘေးရှောင်နေကြရကြောင်း CDF-Kanpetlet (Khonu Battalion)ထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ