ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံး

By YT  (မဇ္ဈိမ)
15 July 2023
ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံး
ဓါတ်ပုံ- KNLA ရဲဘော်များ (မူတြော်သတင်းစဉ်)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၄၆ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်သည်။ 

" ကျွန်တော်တို့ဆီမှာက တိုက်ပွဲတွေဖြစ်နေပေမယ့် တိုးတိုးတိတ်တိတ် ချနေရတဲ့ အခြေအနေတွေဗျ။ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာမှာတော့ ချတာပဲ" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဒု-တပ်ကြပ်တစ်ဦး အပါအဝင် ၁၄၆ ဦး သေဆုံးခဲ့ကာ ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါတိုက်ပွဲဖြစ်စဉ်များအတွင်း တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်များဘက်တွင်လည်း ရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ပိုင်ဆိုင်သည့် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီိးတို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။ 

ထို့ပြင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၅) နယ်မြေတွင် နေထိုင်သည့် ဒေသခံတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် ဇွန်လအတွင်း တပ်မဟာ (၅) နယ်မြေ၊ လူသောမြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့သော်လည်း မျိုးဆက်သစ် ကရင်အထက်တန်းကျောင်း အဆောက်အအုံ သုံးခု၊ ကျောင်းခန်းမဆောင် တစ်ဆောင်၊ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု - ISP Myanmar ​၏ မေလ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်​ အများဆုံးသည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်အနက် အကြိမ်ရေ ၄,၂၀၀ ကျော်သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ထိုအကြိမ်ရေသည် နှစ်နှစ်ကျော်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအားလုံး​၏ ၄၅% ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly