ကျောက်တံခါးတွင် စစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုလုပ်လာဟုဆို

By ရွှေနွယ် (မဇ္ဈိမ)
06 July 2023
ကျောက်တံခါးတွင် စစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုလုပ်လာဟုဆို

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်တွင် မြို့ပေါ်၌အထိုင်ချထားသော စစ်ကောင်စီတပ်က  ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ လူနေအိမ်ပျက်စီးမှုများရှိပြီး အရပ်သားသေဆုံးမှုလည်းရှိကြောင်း ဒေသခံများမှက မဇ္ဈိမကိုပြောသည်။

ကျောက်တံခါးမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၅ ရက် မွန်းလဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ  နံဇအုပ်စု၊ တလိုင်းခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“ မနေ့က နံဇအုပ်စုဘက်ကို ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် နေအိမ်သုံးလုံးပျက်စီးပါတယ်။ ပြီးတော့ နံဇကျေးရွာက ကိုနိုင်နိုင်မိုး ၃၅ နှစ် သေဆုံးပါတယ်။ သူတို့က (စစ်ကောင်စီတပ်သားများ) မြို့ပေါ်ကနေ ရွာအဝင်လမ်းတွေကို လက်နက်ကြီးတွေသယ်လာလိုက်၊ ရမ်းပစ်လိုက်၊ နောက်တစ်ရွာ ပြောင်းပစ်လိုက်၊ အခြေအနေမကောင်းရင်မြို့ထဲပြန်ဝင်ပြေးလိုက်လုပ်နေတာပါ ” ဟု ကျောက်တံခါးမြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ကျောက်တံခါးမြို့နယ်အတွင်း ယခင်ရက်က ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီတပ်သည် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများကြောင့် အထိနာခဲ့ပြီးနောက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က  ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  အဆိုပါ ပစ်ခတ်မှုများကြောင့် ဇွန်လ ၂၄ ရက်နေ့နှင့် ဇွန်လ ၂၇ ရက်နေ့တို့တွင် ကလေးငယ် လေးဦးအပါအဝင် ပြည်သူ ရှစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည်။ ယင်းကဲ့သို့ အရပ်သားများအား  ပစ်ခတ်သတ်ဖြတ်မှုကို မှတ်တမ်းတင်ထားပြီး နောင်တချိန်တွင် အရေးယူသွားမည်ဟု ကျောက်တံခါးမြို့နယ်မဲဆန္ဒနယ်မြေမှ ရွေးကောက်ပွဲအနိုင်ရခဲ့သော  အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ ပြောထားသည်။

ဇွန်လ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင်  စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ပဲခူးတိုင်းအခြေစိုက်၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက  ပြောသည်။

ထိုစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး မြို့ပေါ် တွင် အထိုင်ချကာ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ပဲခူးတိုင်းအတွင်း စစ်ရေးအ‌ရှိန်မြှင့်နေပြီဖြစ်၍ ဒေသခံများ ယခင်ကထက် သတိပိုရှိကြရန် ရဲဘော်တင်ဦးက တိုက်တွန်းသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။  ။မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required