အကူအညီပစ္စည်းများ နိုင်ငံသို့ ရောက်ရှိသော်လည်း မုန်တိုင်းသင့် IDPs များ အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်

အကူအညီပစ္စည်းများ နိုင်ငံသို့ ရောက်ရှိသော်လည်း မုန်တိုင်းသင့် IDPs များ အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်

စစ်ကောင်စီ၏ ခွင့်ပြုချက်မရဘဲ အကူအညီအထောက်အပံ့များကို ပေးပို့နိုင်ခြင်း မရှိသည့်အတွက် မိုခါ ဆိုင်ကလုန်း မုန်တိုင်းအလွန် လူသားချင်းစာနာမှု အကူအညီ တုံ့ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး မရေရာမှုတို့က ဆက်ရှိနေသည်။

ယင်းအတွက်ကြောင့် မုတ်သုံရာသီ စချိန် အမိုးအကာများ မရှိဘဲ ဖြစ်နေသည့် ပြည်တွင်းနေရပ်စွန့်ခွာရသူများ (IDPs) များနှင့် ခုခံနိုင်စွမ်းအားအနည်းဆုံး မုန်တိုင်းသင့် ပြည်သူများထံ အကူအညီများ ပေးပို့ရာတွင် ဖင့်နှေးမှုကို ဖြစ်စေသည်။

အကူအညီ လိုအပ်နေသူများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဘေးသင့်ပြည်သူများထံ အကူအညီ ပေးပို့ခြင်းက ကြိုးနီစနစ်ကြောင့် ကြန့်ကြာစေလျက် ရှိကြောင်း ကုလသမဂ္ဂ OCHA အဖွဲ့က ညည်းညူစောဒကတက်သည်။ တစ်ချိန်တည်းမှာပင် မေလလယ်က ဆိုင်ကလုန်း မိုခါဒဏ်ကြောင့် ထိခိုက်ခံစားနေသူများထံ အကူအညီများ ပေးပို့ရန် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုချက်တောင်းခံရန် လိုကြောင်း စစ်ကောင်စီက ပြောသည်။

မိုခါ မုန်တိုင်းကြောင့် လူ ၁၄၀ ကျော် သေဆုံးပြီး လူ ငါးသန်းခန့်သည် မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသည်။ မုန်တိုင်းတိုက်ပြီး သီတင်းပတ်ခြောက်ပတ် ရှိလာချိန်တွင် အတော်အတန် များပြားသော ပြည်သူများသည် လုံလောက်သည့် အမိုးအကာနှင့် စားနပ်ရိက္ခာတို့ မရှိဘဲ ဆက်လက် ရုန်းကန်နေကြရဆဲဖြစ်သည်။

အကူအညီတချို့ကို ပေးပို့လျက်ရှိသလို အထာက်အပံ့ပစ္စည်းတချို့လည်း ပို့ဆောင်ရာ လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ယခုသီတင်းပတ်တွင် ပြည်တွင်းသတင်းဖော်ပြချက်များအရ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ခဲ့သော ခြင်ထောင်နှင့် စောင်များ ပါဝင်သည့် တရုတ်အကူအညီ ပစ္စည်းများသည် ယခုအခါ စစ်တွေမြို့သို့ ဆိုက်ရောက်ခဲ့ပြီဟု ပြည်တွင်းသတင်းမီဒီယာ ဖော်ပြချက်တစ်ရပ်အရ သိရသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း မြန်မာရှိ မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ဒေါ်လာ ၅၀၀,၀၀၀ ကျော် တန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီများကို ပေးပိုခဲ့သည်။ အဆိုပါ အကူအညီကို ဇွန်လ ၂၆ ရက်တွင် အင်ဒိုနီးရှားမှ မြန်မာသို့ ပို့ဆောင်ပေးခဲ့သည်။

အကူအညီသည် တန်ချိန် ၄၅ တန်ရှိ ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့များနှင့် ပစ္စည်းများ ဖြစ်ပြီး ယင်းတို့ထဲတွင် တာပေါ်လင်စများ၊ မိသားစုသုံး မိုကာတဲများ၊ ဒုက္ခသည် မိုးကာတဲများ၊ လက်သမား ပစ္စည်းများ၊ အသင့်စား အစားအစာများ၊ ရောဂါကာကွယ်ရန် တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ပစ္စည်းများ၊ စောင်များ၊ မွေ့ရာများနှင့် မီးစက်များ ပါဝင်ကြောင်း အင်ဒိုနီးရှားအစိုးရအရာရှိတစ်ဦးက ပြောသည်။ အာဆီယံဥက္ကဋ္ဌ၏ ကမကထပြုမှုအောက်တွင် မြန်မာသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုအတွက် အသုံးပြုရန် Hercules ပို့ဆောင်ရေးလေယာဉ်တစ်စင်းကို အင်ဒိုနီးရှားက ငှားရမ်းပံ့ပိုးပေးထားသည်။

တစ်ချိန်တည်းမှာပင် အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအောက်တွင် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့် မြို့နယ်များမှ တောင်သူများအတွက် လာမည့် မိုးရာသီတွင် စိုက်ပျိုးရန် မျိုးစပါး ၇၃,၃၉၇ တင်းကို စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်မည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြောင်း Development Media Group အရ သိရသည်။

တောင်သူများထံ ဖြန့်ဖြူးပေးရန် ပေါ်ဆန်မွှေး မျိုးစပါးများနှင့် ဒေသ မျိုးစပါး မျိုးကွဲနှစ်ခုတို့ကို စစ်တပ်ပိုင် ယာဉ်များဖြင့် စစ်တွေသို့ ပို့ဆောင်မည် ဖြစ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်သည့် မီဒီယာများက ဖော်ပြသည်။

စစ်တွေမြို့ရှိ ပြည်သူများ ပုံမှန်အခြေအနေသို့ ပြန်ရောက်လာနေသော်လည်း ရခိုင်ပြည်နယ်ရှိ ရွာသားများနှင့် IDPs များသည် အထူးသဖြင့် မုတ်သုံရာသီ မိုးနှင့် လေ ကြောင့် ဆက်လက် ထိခိုက်ခံစားနေရသည်။

ရခိုင်ပြည်နယ်ရှိ IDPs များသည် သဘာဝဘေးဒုက္ခဒဏ် အဆိုးဆုံး ခံရပုံပေါ်သည်။ ရခိုင်ပြည်နယ်ရှိ ရာသီဥတု မကောင်းသည့် အခြေအနေများကြောင့် IDPs များသည် လက်ရှိတွင် အလွန်ပင်ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ပြည်တွင်း မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Western News အရ သိရသည်။ မုတ်သုံရာသီ စဝင်ချိန် ၎င်းတို့သည် မုန်တိုင်းကြောင့် အမိုးအကာများ ပျက်စီးခဲ့ရပြီးနောက် တစ်လကျော်ကြာသည်အထိ လူသားချင်းစာနာမှု အကူအညီများကို ဆက်လက် စောင့်ဆိုင်းနေကြရဆဲဖြစ်သည်။

IDPs များသည် ၎င်းတို့၏ ပျက်စီးသွားသော အမိုးအကာများကို ပြန်လည်ပြုပြင်ရန် ငွေကြေးတတ်နိုင်ခြင်း မရှိသလို ၎င်းတို့ထံ လှူဒါန်းပေးထားသော တာပေါ်လစ အနည်းငယ်ကလည်း မိုး၊ လေ ဒဏ် ကာကွယ်နိုင်မည့် လုံလောက်သည့် အမိုးအကာကို ထောက်ပံ့ရန် လုံလောက်ခြင်း မရှိဘဲ ဖြစ်နေသည်။

မုန်တိုင်းသင့် ပြည်သူများမှာ အလွန်တရာ ခက်ခဲလျက် ရှိကြောင်း၊ အကြောင်းမှာ ဝါးဈေးများ ဆက်လက် မြင့်တက်နေသည့်အတွက် အမိုးအကာများ ပြုပြင်ခြင်းအတွက် ပိုမို ခက်ခဲစေလျက် ရှိပြီး ပြည်သူတို့မှာ လုံလောက်သည့် ငွေကြေးများလည်း မရှိကြောင်း ကျောက်တော်မြို့မှ IDP ကမ့်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ WFP စားနပ်ရိက္ခာ အကူအညီဖြင့် ထောက်ပံ့လျက်ရှိသော်လည်း ၎င်းတို့အတွက် လုံလောက်သည့် ပမာဏမျိုး မဟုတ်သေးကြောင်း သိရသည်။

ကနဦးတွင် ပရဟိတအဖွဲ့တချို့ ရောက်လာပြီး ဆန်နှင့် အခြားသော စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိတွင် ၎င်းတို့အနေဖြင့် မည်သည့်အထောက်အပံ့ကိုမှ မရရှိဘဲဖြစ်နေသည်ဟု မြောက်ဦးမြို့ IDP စခန်းတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ဘာမှကို မထောက်ပံ့တော့ပါဘူး။ ကျွန်တော်တို့မှာ အင်မတန်ကို အဆင်မပြေဖြစ်နေကြရတယ်” ဟု ၎င်းက ပြည်တွင်းမီဒီယာကို ပြောသည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများ၊ မွတ်စလင် IDPs များ၊ ရခိုင်ပြည်နယ်ရှိ IDPs များကို ကူညီထောက်ပံ့ခွင့်ရရေး INGO အဖွဲ့အစည်းတချို့က စစ်ကောင်စီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့် ပြည်သူများအတွက် မဖြစ်စလောက် နည်းပါးသော အကူအညီမျှကိုသာ ထောက်ပံ့ပေးခဲ့သော်လည်း စစ်ကောင်စီနှင့် အေအေအဖွဲ့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများထံ အထောက်အပံ့ လုံးဝ မပေးကြောင်း IDPs များက ပြောသည်။

Aid batches arrive but Cyclone Mocha-hit IDPs still lack shelter and food
https://www.mizzima.com/article/aid-batches-arrive-cyclone-mocha-hit-idp...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly