မြောင်ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်

By MTO (မဇ္စျိမ)
22 June 2023
မြောင်ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့မှ ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ဇွန်လ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးထက်မနည်း သေဆုံးကြောင်း  စစ်ကိုင်းခရိုင်အမှတ် (၄ )တပ်ရင်းက သတင်းထုတ်ပြန်သည်။

မြောင်မြို့ပေါ်မှ အထက်ပါ နေရာသုံးခုကို ဇွန်လ ၂၁ ရက် နံနက်၅နာရီ ၄၀မိနစ်မှစ၍ တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်တွင် ရဲနှင့်ပျူစောထီးအချို့အပါအဝင် လေးဦးသေ၊သုံးဦးဒဏ်ရာရပြီး ၁၂ဦး ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု စစ်ကိုင်းခရိုင်အမှတ် (၄ )တပ်ရင်းက ထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အသေးစိတ် အတည်မပြုနိုင်သေးပေ။

စစ်ကိုင်းခရိုင်အမှတ် (၄)တပ်ရင်းပြန်ကြားရေး တာဝန်ခံလွင်ဂူးက  " သုံးနေရာတစ်ပြိုင်တည်း တိုက်တာကစစ်ကူမလာနိင်အောင်ကြိုတင်စီမံချက်စွဲပြီး လုပ်ရတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့်ပါ"  ဟုပြောသည်။

စခန်းသိမ်းနိုင်သည်အထိ ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအချိန်ကြာမြင့်လာပြီး လေကြောင်းရန်ကိုလည်း ရှောင်လိုသည့်အတွက် ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟုဆိုသည်။တိုက်ပွဲသည် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁နာရီကျော်ကြာခဲ့ပြီး ဒရုန်းများ၊ ရော့ကက်များဖြင့်တိုက်ခိုက်ခဲ့သလို လက်နက်ငယ်ကျည်မျိုးစုံ ၃,၂၈၁ တောင့်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိခဲ့ဘဲ  စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူသူများကို မြောင်မြို့ ဆေးရုံတွင်ဆေးကုသမှု ပေးနေကြောင်း သတင်းရရှိသည်။

ထိုတိုက်ပွဲကိုစစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF / Myaung Special Drone Foece-MSDFနှင့် မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း MHLG PDF ၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ 
မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း ၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Chaung U People's Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly