မင်းတပ်တွင် ဒေသခံများပိုင် ဆိုလာပြားများကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်ဟုဆို

By ကိုခင်မောင် (မဇ္ဈိမ)
20 June 2023
မင်းတပ်တွင် ဒေသခံများပိုင် ဆိုလာပြားများကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်ဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ နေအိမ်‌အချို့တွင်  တပ်ဆင်ထားသော  ဆိုလာပြားများကို စစ်ကောင်စီတပ်သားများက ဖြုတ်ယူသွားကြောင်း မြို့ခံများက ပြောသည်။

မင်းတပ်မြို့၊ စံမင်းသီရိကုန်းအနီးရှ်ိ နေအိမ်များမှ ဆိုလာပြားများကို စစ်ကောင်စီတပ်သားများက  ဇွန်လ ၁၈ရက်ညတွင် ဖြုတ်ယူသွားပြီး ၎င်းတို့ တပ်စွဲထားသည့်နေရာသို့ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။

“လေး၊ ငါးချပ်လောက်တက်ဖြုတ်တယ်လို့ပြောတယ်။ ကြည့်နေတဲ့သူ အိမ်အပစ်ခံရလို့ ဆက်မကြည့်ဘဲပုန်းနေလိုက်တာ။ သူတို့စခန်းချတဲ့နေရာတွေဆီ ယူဆောင်သွားတယ်” ဟု အဆိုပါဒေသခံက ဆိုသည်။ 

စံမင်းသီရိကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးရဲဘော်များ  ဇွန်လ ၁၈ရက်နေ့ ညပိုင်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက ‌ဒေသခံအရပ်သားများ၏ နေအိမ်များမှ ဆိုလာပြားများကို တက်ဖြုတ်ကာ ယူဆောင်သွားခြင်းဟု မင်းတပ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့  CDF Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းက " ဟိုတုန်းကဆို ဒေသခံတွေပိုင်ဆိုင်တဲ့ တီဗီစလောင်းတွေရော၊ ထမင်းပေါင်းအိုးတွေပါ ခိုးယူတာပါ။အခုလည်း ဆိုလာပြားတွေ ယူသွားပါတယ်"ဟု ပြောသည်။

မင်းတပ်သို့ လျှပ်စစ်မီးပို့လွှတ်နေသော မဟာဓာတ်အားလိုင်းတာဝါတိုင်သည် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်ထားသောကြောင့် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ လအနည်းငယ်ကြာပြီဟု ဒေသခံများကပြောသည်။ လျှပ်စစ်မီးရရေးအတွက် ဆိုလာပြားများ တပ်ဆင်ထားစဉ် စစ်ကောင်စီ၏ လုယက်ခိုးယူမှုကို ခံနေရကြောင်း မြို့ခံများက ညည်းတွားကြသည်။

စာတည်း - ‌မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required