ပဋိပက္ခဒေသများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၅၉ မှုရှိဟု အမျိုးသမီးသမဂ္ဂထုတ်ပြန်

By မောင်ခက်နွေ (မဇ္ဈိမ)
17 June 2023
ပဋိပက္ခဒေသများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၅၉ မှုရှိဟု အမျိုးသမီးသမဂ္ဂထုတ်ပြန်

အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလတစ်လျှောက်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အမှု ၅၉ မှု ရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂက ယနေ့ ဇွန်လ ၁၇ ရက်တွင် စာတမ်းတစ်စောင် ထုတ်ပြန်ထားသည်။ 

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၃၆ မှု၊ အိမ်တွင်း အကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု ၂၃ မှု ရှိပြီး စုစုပေါင်း ၅၉ မှုရှိကာ ခိုင်လုံသည့်  သတင်းမီဒီယာများမှ စုဆောင်းရရှိထားခြင်းဖြစ်‌သည်ဟု ထိုစာတမ်းတွင် ပါရှိသည်။ 

အဆိုပါ စစ်တမ်းအား ပဋိပက္ခဒေသများဖြစ်သည့်  ကရင်နီ (ကယား)၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်း စသည့် ဒေသ ငါးခုမှ ဖြစ်စဉ်များကို အဓိကထား ဖော်ပြထားခြင်းဖြစ်ကြောင်း  မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ မသွယ်ဇင်တိုးက ပြောသည်။ 

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တာတွေကို ထောက်ပြချင်တာလည်းပါသလို၊ အမျိုးသမီးတွေကို ဒီပဋိပက္ခထဲမှာ ပစ်မှတ်လိုထားပြီးတော့မှ လိင်အကြမ်းဖက်မှု ကျူးလွန်နေတာတွေ လျော့နည်းဖို့ရည်ရွယ်သလို၊ ဒီကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းတာတွေ ထိထိရောက် မလုပ်ဆောင်နေတာကို မီးမောင်းထိုးပြချင်တယ်”ဟု ယင်းစာတမ်းကို ထုတ်ပြန်ရသည့် အကြောင်းရင်းအား ၎င်းကဆက်ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်သည့်အမှုများ၊ အခြား လက်နက်ကိုင်အဖွဲ့များက ကျူးလွန်မှုများနှင့်  အရပ်သားအချင်းချင်း ကျူးလွန်သောအမှုများဟု ကဏ္ဍသုံးခုခွဲခြားထားကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ သုံးသပ်ချက်စာတမ်းတွင်  တင်ပြထားသည်။ 

စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်သည့် အမှုများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကာယိန္ဒြေထိပါးနှောင့်ယှက်မှု ကိုးမှုရှိပြီး အချို့အမှုများတွင် စစ်ကောင်စီတပ် အခြေစိုက်စခန်းအနီး အလောင်းများတွေ့ရှိရသည်ဟု ဆိုသည်။ 

အခြားလက်နက်ကိုင်အဖွဲ့များ ကျူးလွန်မှုများ ဆိုသည့်အထဲတွင်  PDF  များပါဝင်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် နှောင့်ယှက်ခြင်းဆိုင်ရာအမှု လေးမှု ပါဝင်ကြောင်း စာတမ်းတွင် တွေ့ရသည်။

စစ်ကိုင်းတိုင်းအတွင််း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦးအား မုဒိန်းကျင့်မှု၊မကွေးတိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ၊ ကရင်နီပြည်နယ်ရှိ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်မှု နှင့် စစ်ကောင်စီ သတင်းပေးအား ရှင်းလင်းရာတွင် စစ်ကိုင်းတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အမျိုးသမီး သုံးဦးအား မဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အမှုတို့ ဖြစ်သည်ဟု ဆိုသည်။ 

“ကျွန်မတို့ စစ်တမ်းမှာလည်း ပါပါတယ်။ အဲ့ဒီအမှုတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ ရထားသလောက်အချက်အလက်တွေနဲ့ ဆိုလို့ရှိရင် ဒီအမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးတာ မရှိသလို၊ နှုတ်နဲ့ပဲ တောင်းပန်တဲ့ အခြေအနေမျိုးတွေနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို နှစ်သိမ့်ထားတဲ့  အခြေအနေရှိတယ်။ တကယ်ကို ထိထိရောက်ရောက်ကျူးလွန်တဲ့သူကို အပြစ်ပေးတာမျိုးတွေတော့ ကျွန်မတို့လိုက်လံထားတဲ့ အချက်အလက်တွေထဲတော့ မပါရှိပါဘူး”ဟု မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ မသွယ်ဇင်တိုးက ပြောသည်။

အဆိုပါ အချက်အလက်များသည်  မြန်မာ့အမျိုးသမီးသမဂ္ဂ၏ မြေပြင်အဖွဲ့မှ ရရှိသော အချက်အလက်များနှင့် မီဒီယာများမှ ရရှိသည့် အချက်အလက်များပေါ်တွင် ရယူထားသော အချက်အလက်များဖြစ်ပြီး ဒီထက်မက ပိုမို များပြားနိုင်ကြောင်း ၎င်းကပြောသည်။ 

အမျိုးသမီးများအပေါ် လေးစားမှုမရှိသည့် အကြမ်းဖက်မှုများ၊ ထိပါးနှောင့်ယှက်မှုများကို ထိထိရောက်ရောက် အရေးယူခြင်းများ မလုပ်ဆောင်ပါက အချိန်ကြာလာသည်နှင့်အမျှ တော်လှန်ရေးစစ်သည်များ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ ကျဆင်းနိုင်ပြီး  ယုံကြည်မှုများပါ ပျောက်ဆုံးလာနိုင်‌ကြောင်း လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ အများစုကဆိုသည်။

“ဒါကြီးကို သေချာမကိုင်တွယ်ရင် တော်လှန်ရေးပေါ်မှာလည်း အတော်ထိခိုက်တယ်။ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက အမျိုးသမီးတွေအပေါ် ကျူးလွန်နေတဲ့ဟာတွေကို လုံးဝဆန့်ကျင်ဖို့နဲ့ ထိထိရောက်ရောက် အပြစ်ပေးဖို့ လိုအပ်တယ် “ ဟု အမည်မဖော်လိုသည့် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။ 

ဇွန်လ ၁၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်ရေးနေ့ဖြစ်ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂက တွေ့ရှိခဲ့ရသည့် သုံးသပ်ချက်များနှင့်အတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ထိပါးနှောက်ယှက်မှုများ ပပျောက်စေရန် သက်ဆိုင်ရာ ခေါင်းဆောင်များဆီ  အကြံပြု တိုက်တွန်းချက်များလည်း ထည့်သွင်း ဖော်ပြထားသည်ဟု ထုတ်ပြန်ထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly