တောင်သာတွင် PDF သတင်းများစုံစမ်းနေသည့် စစ်မှုထမ်းဟောင်း ပစ်ခတ်ခံရပြီး သေဆုံး

By မောင်ခက်နွေ၊၀၀၇ (မဇ္ဈိမ) 
06 June 2023
တောင်သာတွင် PDF သတင်းများစုံစမ်းနေသည့် စစ်မှုထမ်းဟောင်း ပစ်ခတ်ခံရပြီး သေဆုံး
ဓာတ်ပုံ - သိမ်းဆည်းရမိသည့် သေနတ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)သတင်းများ လိုက် လံစုံစမ်းနေသောစစ်မှုထမ်းဟောင်းလှမိုး ဇွန်လ ၄ ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း PDF တပ်ဖွဲ့နှင့် ဒေသခံများက မဇ္ဈိမကို အတည်ပြု ပြောသည်။

“နာမည်ကလှမိုးတဲ့၊ ဒီဘက်မှာတော့ စစ်ထောက်လှမ်းရေးကဆိုပြီး PDF သတင်းတွေလိုက်စုံစမ်း နေတာ ကြာပြီ။ အင်ကျင်းသာမှာ အသတ်ခံလိုက်ရတာပါ၊ PDF တွေကပဲ ပစ်သွားတာ” ဟု ဒေသခံတဦးက မဇ္ဈိမ ကို ပြောသည်။

စစ်မှုထမ်းဟောင်းလှမိုးသည် တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်၊ အင်ကျင်းသာကျေးရွာတွင် ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

“နေအိမ်မှာပဲရှင်းလင်းလိုက်တာဗျ၊ ၄ ရက်နေ့ကရှင်းလင်းလိုက်တာ”ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့သော မြင်းခြံ ခရိုင်တပ်ရင်း အမှတ်(၃)မှ ရဲဘော်ပေါ့ဘာက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှုအပြီးတွင် စစ်မှုထမ်းဟောင်းလှမိုးကိုင်ဆောင်သော M-1 အမျိုးအစား ကာဘိုင်သေနတ်တလက် ကိုလည်း သိမ်းဆည်းရမိကြောင်း  မြင်းခြံခရိုင်၊ တပ်ရင်းအမှတ် (၃) က ပြောသည်။

ယခုတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃) တပ်ဖွဲ့ဝင်များနှင့် Burmese Guerrilla Force အဖွဲ့မှ ပူးပေါင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့ကလည်း တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထား သော စစ်ကောင်စီတပ်စခန်းကို မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly