ဖားကန့်တွင် ရဲစခန်းနှင့် ကိုက် ၁၀၀ ခန့်၌ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ

By အဂမ် (မဇ္ဈိမ)
04 June 2023
ဖားကန့်တွင် ရဲစခန်းနှင့် ကိုက် ၁၀၀ ခန့်၌ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက နေ့ခင်း‌ကြောင် တောင် ဓါးပြအတိုက်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအပိုင် ရပ်ကွက်(၃)အတွင်းရှိ နေအိမ် တခုမှာ ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီခန့်က ဓါးပြတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓါးပြအတိုက်ခံရသူမှာ အသက် ၅၂ နှစ်အရွယ်ခန့်ရှိ ဦးမျိုးဆိုသူဖြစ်ပြီး နေအိမ်တွင်တဦးတည်းရှိနေစဉ် ယခုကဲ့သို့ ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“နားထင်ကိုသေနတ်နဲ့ထောက်ပြီး လက်တွေ၊ ခြေထောက်တွေနဲ့မျက်နှာကို တိပ်အဝါတွေနဲ့စည်းပြီး အဲဒီ အပေါ်မှာမှ ပလပ်စတစ်ကြိုးနဲ့တုပ်ထားခဲ့တာ” ဟု ဓါးပြတိုက်ခံရသူနှင့်နီးစပ်သည့် မိသားစုဝင်များက ပြောသည်။

ဓါးပြတိုက်သူများမှာ လူငယ်သုံးဦးဖြစ်ပြီး ကားအဖြူတစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေသား ကျပ်သိန်း ၃၀ ခန့်ကို လုယက်ယူဆောင်သွား‌ကြောင်း သိရသည်။

ယခု လုယက်ဓါးပြတိုက်ခံရသည့် နေအိမ်နှင့် ကိုက် ၁၀၀ အကွာတွင် လုံးခင်း‌နယ်‌မြေရဲစခန်းရှိကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သော ဇွန်လ ၂ ရက်နေ့ ည ၉ နာရီခွဲခန့်ကလည်း လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်ချမ်းသာယာရပ်ကွက်ရှိ သံတံတားပေါ်တွင် လူငယ်ခုနစ်ဦးက သေနတ်များပစ်ဖောက်ပြီး လာသမျှကားများကိုတားဆီးကာ အိမ်စီး ကားငါးစီးကို လုယက်သွားခဲ့သည်။

ယင်းလူငယ်ခုနစ်ဦးနှင့် ယနေ့လူငယ်သုံးဦးလုံးမှာ အသက် ၃၀ နှစ် အရွယ်ဝန်းကျင်များဖြစ်ကြကာ Mask များတပ်ထားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို ဒေသခံများမသိလိုက်ရကြောင်း သိရသည်။

အိမ်စီးကားများလုယက်ခံရသည့် တံတားအနီးတွင် စစ်ကောင်စီတပ်နှင့်ရဲများပူးပေါင်းထားသည့် စစ်ဆေး ရေးကုန်းတစ်ခုရှိကြောင်းလည်း သိရသည်။

ဖားကန့်ဒေသတွင် ၂၀၂၃ ခုနှစ်အတွင်း ဓါးပြတိုက်လုယက်ခြင်း၊ ပစ်ခတ်သတ်ဖြစ်ခြင်းများ နေ့စဉ်ဖြစ်ပေါ် နေ‌ပြီး တရားဥပဒေစိုးမိုးမှုလုံးဝမရှိတော့သည့်အတွက် ဒေသခံများ အထူးစိုးရိမ်နေကြသည်။

Photo - ယနေ့ဓားမြတိုက်ခံရသည့်နေအိမ်နှင့် ဓားမြ တိုက်ရာမှာ အသုံးပြုခဲ့သည့် ပစ္စည်းများ။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly