ဇင်းကျိုက်တွင် လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
23 May 2023
ဇင်းကျိုက်တွင် လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့နယ်ခွဲ၊ ဖလပ်ကျေးရွာအုပ်စုရှိ ဝတ်ကြီး ကျေးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော လင်မယားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။

သေဆုံးသူ လင်မယားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ဇင်းကျိုက်မြို့မှ ပြန်လာစဉ် ဖလပ်ကျေးရွာအုပ်စု ဝတ်ကြီးကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးတွင် မေလ ၂၁ ရက်နေ့ ညပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်မှောက်လို့ ဆိုပြီး ည ၁၂ နာရီလောက် ဖုန်းဝင်လာလို့ ကလေးတွေက ထွက်သွားတာ၊ အခင်းဖြစ်တဲ့နေရာ ရောက်တော့ သာမာန်ဆိုင်ကယ်မှောက်တာမဟုတ်ဘဲ အဲ့လိုကြီး ဖြစ်နေတော့ ကလေးတွေက မကိုင်ရဲလို့ ရဲပြေးခေါ်တာ၊ ဘေးနားက အိမ်တွေကိုခေါ်လည်း မလာကြဘူး၊ ဆေးရုံရောက်လို့ ဆေးစစ်တော့ အသက်မဲ့နေတာ ကြာပြီ” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူ နှစ်ဦးသည် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှ ဦးမြင့်လွင် (အသက် ၄၉ နှစ်)နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်သီတာထွန်း(အသက် ၄၀ ကျော်)တို့ ဖြစ်သည်။ 

၎င်းတို့နှစ်ဦး၏ မျက်နှာ၊ လက်နှင့် ခန္ဓာကိုယ်ပေါ်တွင် ကျည်ဖောက်ဝင် ဒဏ်ရာများ တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိုးလည်းရွာနေတာ၊ မနက် သူများပြောမှ သိတယ်၊ မိုးခြိမ်းသံပဲ ထင်တာ၊ ထလည်းမကြည့်မိဘူး” ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခု ပစ်ခတ်ခံရသည့် နေရာအနီး၌ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဇင်းကျိုက် နယ်မြေရဲစခန်းမှ ရဲအုပ်မောင်ကိုကိုနှင့် တပ်သား ခိုင်ဇော်ထွန်းတို့နှစ်ဦးအား အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F က နန်းထိုက်အောင်စစ်ဆင်ရေးဖြင့် ပစ်သတ်ခဲ့သေးသည်။ 

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ S.O.F မှ တာဝန်ရှိသူကို မဇ္ဈိမမှ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အဖွဲ့မှ ပစ်သတ်ခဲ့ခြင်း မဟုတ်ကြောင်း ပြန်လည်အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ လင်မယား နှစ်ဦးကို မည်သူတို့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ကိုမူ လောလောဆယ်တွင် မသိရသေးပေ။

ရုပ်အလောင်းတွေ့ရှိခဲ့သော ဝတ်ကြီးကျေးရွာသည် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့နယ်ကြားတွင် တည်ရှိပြီး ပေါင်မြို့ပေါ်နှင့် လေးမိုင်ခန့်သာ ဝေးကွာကြောင်း ဒေသခံများက ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly