မုန်တိုင်းဒဏ်သင့်ဒေသများအတွက် မတည်ငွေ ဒေါ်လာ ၁  သန်းကို သက်ဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ဖြန့်ဝေ သွားမည်ဟု NUG ပြောကြား

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
14 May 2023
မုန်တိုင်းဒဏ်သင့်ဒေသများအတွက် မတည်ငွေ ဒေါ်လာ ၁  သန်းကို သက်ဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ဖြန့်ဝေ သွားမည်ဟု NUG ပြောကြား
Photos- ဂွမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီတွင် လေပြင်းတိုက်ခတ်မှုအပြီး မြင်ကွင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများအတွက် မတည်ထားသည့် ဒေါ်လာတစ်သန်းကို သက်ဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ဖြန့် ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

“ထောက်ပံ့ဖြန့်ဝေမှုကိုတော့ မြေပြင်ကလိုအပ်ချက်အပေါ်မူတည်ပြီး NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ သက် ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ ထောက်ပံ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမသို့ပြောသည်။

ရန်ပုံငွေများကို အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီအောက်မှ လုပ်ငန်းအဖွဲ့ ရှစ်ခု၏ အရေးပေါ်တုံ့ပြန်ရေးအတွက်သုံးစွဲရမည့် ကိစ္စရပ်များတွင်လည်း အသုံးပြုသွားမည်ဟု သိရသည်။

ဥပမာအနေဖြင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများတွင် အရေးပေါ်ဆက်သွယ်ရေးစက်များအတွက် လိုအပ်သည့် ငွေဖြည့်ဆည်းရေးကိစ္စများနှင့်  ဆက်သွယ်ရေးစက် Backup တပ်ဆင်ပေးသည့်ကိစ္စများတွင် အသုံးပြု ခြင်း များပါဝင်သည်။

ထို့ပြင်မုန်တိုင်းကာလအတွင်း ပြောင်းရွှေ့ရေးအတွက် ပြည်နယ်များတွင် ဒေသန္တရအဖွဲ့အစည်းများနှင့် ပြည်သူ့ အုပ်ချုပ်ရေးဖော်နေသည့်နေရာများတွင်  NUG က သက်ဆိုင်ရာအဖွဲ့များနှင့် ဆောင်ရွက်လျက်ရှိနေကြောင်း သိရ သည်။

ရခိုင်ပြည်နယ်တွင် အရေးပေါ် ကူညီကယ်ဆယ်ရေးကိစ္စရေးကိစ္စများတွင် လတ်တလောသုံးစွဲနိုင်ရန်အတွက် Arakan Heritage Foundation မှတစ်ဆင့် ထောက်ပံ့ကူညီပေးနိုင်ရန်ဆွေးနွေးထားပြီး ချင်းပြည်နယ်တွင် ကြား ကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် လူသား/စာနာ တာဝန်ခံ များနှင့်ဆွေးနွေးထားသည်။

NUG က ပြ‌ည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် Online မှ တဆင့် တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်များအပြင်  မုန်တိုင်းကာလအတွင်း စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူများ၊ ကာလရှည် စစ်ရှောင် စခန်းများမှာ မုန်တိုင်းကာလ အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များ၊ အမိုးအကာလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်သည်ဟု NUG ထံမှသိရသည်။

 “အမြဲပြောနေကြစကားအတိုင်း ကျွန်တော်တို့အစိုးရက ပြည်သူ့အစိုးရတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ လူထုနဲ့ အေးအတူ၊ ပူအမျှအမြဲတမ်းရှိနေမယ့် အစိုးရဖြစ်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း နောက်ဆက်တွဲ ပြည်သူ တွေကြုံတွေ့ရတဲ့ ဒုက္ခအဝဝကိုလည်း တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ အစွမ်းကုန် ကြိုးစား ဆောင် ရွက်ပေးခဲ့သလို အခုဖြစ်တဲ့ ဘဘာဝဘေးကျရောက်မှုမှာလည်း ကျွန်တော်တို့အင်အားရှိသမျှ ကူညီပံ့ပိုးမှုတွေ လုပ် ဆောင်ပေးမှာ ဖြစ်ပါတယ်”’ ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် မိုခါမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးစီမံချက်ကို စားနပ်ရိက္ခာနှင့် အာဟာရကဏ္ဍ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍ၊ နေရာထိုင်ခင်းနှင့် အမိုးအကာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ကာကွယ်စောင့် ရှောက်မှုပေးခြင်းကဏ္ဍဟူ ကဏ္ဍကြီးငါးခုဖြင့် အဓိက စီမံဆောင်ရွက်နေပြီး နိုင်ငံတကာအကူအညီရရှိရေးကိုလည်း ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly