ရိုးမအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၁ ဦးသေ

By ရွှေနွယ် (မဇ္ဈိမ)
13 May 2023
ရိုးမအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၁ ဦးသေ

ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကျောက်တံခါးကျေးရွာအုပ်စု၊ ဘန်ဘွေးကန်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့သည်ဟု ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁) သတင်းပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမကို ပြောသည်။

ဘန်ဘွေးရွာတွင် ကင်းစောင့်ရင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ (၃) ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂) တို့ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"တစ်ဦးသေပါတယ်။ ဘန့်ဘွေးရွာနားမှာပဲ အမိန့်ပြန်ပြီး မီးရှို့သင်္ဂြိုဟ်သွားတယ်" ဟု ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) သတင်းပြန်ကြားရေးတာဝန်ခံမှပြောသည်။

ထို့နောက် ညပိုင်း ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျောက်တံခါးအုပ်စု ရုပ်ဆိုင်ရွာဘက်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့သေးသည်။

ရုပ်ဆိုင်ရွာ၏ အရှေ့ဘက်တွင် ကင်းပုန်းဝပ်တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ(၂) Tiger တပ်ဖွဲ့ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) က  လက်လုပ် ၆၀ မမ ဗုံးသီး နှစ်လုံး၊ M79 ဖြင့် တစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

"စစ်ကောင်စီအင်အားက နှစ်နေရာပေါင်းရင် ၉၀ လောက်ရှိတယ်။ အခုဖြစ်တဲ့နေရာမှာပဲ တပ်စွဲထားတယ်။ စစ်ကောင်စီတပ်ရဲ့ရမ်းသန်းပစ်ခတ်မှုကြောင့် ရုပ်ဆိုင်ရွာက ပြည်သူတစ်ဦး ပေါင်ကိုထိသွားပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၅ ရက်နေ့နံနက်က ရိုးမတွင်းရှိ PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ (၅) ၏ ရှေ့တန်းကင်းစခန်းအား ဝင်ရောက်မီးရှို့ပြီးနောက် နောက်တစ်ရက်တွင် ကျေးရွာများအတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်စဉ် ရုပ်ဆိုင်ရွာမှာ ကျေးရွာသားတစ်ဦး ပေါင်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း တစ်ရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

စစ်ကောင်စီတပ်သည် ရိုးမအတွင်းရှိ PDF များ စခန်းချရာနေရာများသို့ စစ်ကြောင်းထိုးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးအခြေအနေ တင်းမာနေခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required