တောင်စလုံးတိုက်ပွဲအတွင်း  KNDF/B-11 မှ တပ်ရင်းမှူး ကျဆုံး

By ဇာနည်(မဇ္ဈိမ)
12 May 2023
တောင်စလုံးတိုက်ပွဲအတွင်း  KNDF/B-11 မှ တပ်ရင်းမှူး ကျဆုံး

ဖယ်ခုံမြို့နယ် နှင့် ​ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင်  မေလ ၈ ရက်နေ့၌ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်ရင်း  KNDF B/11 မှ တပ်ရင်းမှူး အန်းဂျလို(လို့)သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ရင်း ရရှိဒဏ်ရာကြောင့် ဆေးကုသနေစဥ် မေလ ၉ ရက်နေ့နံက်ပိုင်းအချိန်တွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း KNDF B-11 က ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။

အဆိုပါကျဆုံးသွားသည့် တပ်ရင်းမှူးသည် KNDF B-11 မှ တပ်ရင်းမှူး အန်ဂျေလိုလို့ ဖြစ်ပြီး သူ၏ ဈာပနအခမ်းအနားအား မေလ ၁၀ ရက်နေ့တွင် ပြုလုပ်ပေးခဲ့သည်။

တပ်ရင်းမှူး အန်းဂျလို(လို့)သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက်  KNDF/B-11 မှ အာဇာနည် သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်ရင်းမှူး အန်းဂျလို(လို့)၏ နိုင်ငံရေးခံယူချက်နှင့် စစ်ရေးအမြင်များကို မိမိတို့ KNDF/B-11 ရဲဘော်များက စံပြအဖြစ်လိုက်နာပြီး အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိ၊ သစ္စာပြုထုတ်ပြန်ထားသည်။

အဆိုပါ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြား တိုက်ပွဲသည်၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ယနေ့ထိ သုံးလ နီးပါး နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာမြင့်သည်နှင့်အမျှ ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ လိုအပ်လျှက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် KNDF/B-11 ကို အားဖြည့်ကူညီ လှူဒါန်းပေးပါရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required