ကနီမြို့နယ် စစ်ဘေးရှောင်များ ရေအခက်အခဲဖြစ်နေပြီး လေဒဏ် မိုးဒဏ်ခံ တဲများ လိုအပ်နေ 

By KMN(မဇ္ဈိမ)
10 May 2023
ကနီမြို့နယ် စစ်ဘေးရှောင်များ ရေအခက်အခဲဖြစ်နေပြီး လေဒဏ် မိုးဒဏ်ခံ တဲများ လိုအပ်နေ 
Photo - Pyae Aung Naing (Kani)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေသူများ ရေအခက်အခဲဖြစ်ပေါ်နေပြီး လေဒဏ် မိုးဒဏ်ခံတဲများလိုအပ်နေ ကြောင်း ကနီမြို့ခံများကပြောသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် သန့်ရှင်းသော ရေလိုအပ်နေသလို  တောတွင်းစစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းနှင့် ပြောင်းရွှေ့ဖွင့်မည့် စာသင်ကျောင်းတစ်ကျောင်းအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင် စာသင်ကျောင်းအတွက် လေဒဏ် မိုးဒဏ်ခံတဲများ၊ သန့်ရှင်းသည့်အိမ်သာများ ပြန်တည်ဆောက်ဖို့လိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဝင်များက ပြောကြားသည်။

"အဓိကတော့ လေဒဏ် မိုးဒဏ်ခံတဲ့ တဲတွေ ၊ သန့်ရှင်းတဲ့အိမ်သာတွေ ပြန်တည်ဆောက်ဖို့နဲ့ ကလေးတွေအတွက် နောက်ပညာသင်နှစ်မှာ အသုံးပြုမယ့် သင်ရိုးဖတ်စာအုပ်တွေ စာရေးကိရိယာတွေ လိုအပ်ပါတယ်"  ကနီမြို့ခံတစ်ဦးဖြစ်သူ ဦးပြည့်အောင်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့်နည်းတူ မိုးဦးကာလ မိုးသက်လေပြင်းကျ‌ရောက်မှုများပါ ကြုံတွေ့နေရပြီး ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ညနေ ၅ နာရီဝန်းကျင်ခန့်က မိုးသက်လေပြင်းကျ‌ရောက်ခဲ့မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာ ရှစ်ရွာမှ နေအိမ် ၂ဝဝ ခန့် အမိုးအကာများပျက်စီးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ မေလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်  စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇၅၀,၀၀၀ နီးပါးရှိနေသည်။ 

ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required