မော်လမြိုင်ကျွန်းမြို့နယ် မြတ်သာရွာမရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟုဆို

By မင်းထက် (မဇ္စျိမ)
01 May 2023
မော်လမြိုင်ကျွန်းမြို့နယ် မြတ်သာရွာမရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟုဆို

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြတ်သာရွာမရဲစခန်းအား လက်နက်ကြီး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီလင်းပိုင်(မော်ကျွန်း)အဖွဲ့မှ ယနေ့ မေလ ၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

 
ဧပြီလ ၃၀ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် 79 ဗုံးပစ်လောင်ချာ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ရဲစခန်းပင်မအဆောက်အဦးအားထိမှန်ခဲ့သော်လည်း အတွင်းပိုင်း ပျက်စီးမှု အခြေအနေအသေးစိတ်ကို အတိအကျမသိရသေး ဟုဆိုသည်။

 
အဆိုပါပစ်ခတ်မှုကို ဧရာဝတီလင်းပိုင်(မော်ကျွန်း)၊ မော်ကျွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဘိုကလေးလင်းပိုင်တို့ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ် ပြန်ချက်တွင် ပါရှိသည်။

 
အသေးစိတ်အခြေအနေများကိုသိရှိနိုင်ရန် ဧရာဝတီလင်းပိုင် (မော်ကျွန်း) အဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ ၎င်းတို့ကိုယ်တိုင်ပင် ရဲစခန်းအတွင်းပိုင်း ထိခိုက်မှုအခြေကို မသိရသေးကြောင်း ပြောသည်။

 
“မြတ်သာရွာမရဲစခန်းက နယ်မြေရဲစခန်းဆိုတော့ ရဲအများကြီးတော့ မရှိဘူး။ ပြီးတော့ အဲဒီရဲစခန်းက ကုန်းလမ်း မပေါက်ဘူး။ ရေကြောင်းကနေပဲသွားလို့ရတာဆိုတော့ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ။ ရဲစခန်းထဲမှာ ပေါက်ကွဲတဲ့အသံကိုတော့ ဒေသခံတွေက ကြားလိုက်ရတယ်လို့ သိရတယ်"ဟု မော်လမြိုင် ကျွန်းမြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

 
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက် အမှတ်(၅၃၄) ခြေမြန်တပ်ရင်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly