ရေစကြိုတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်း သေဟုဆို

By MTO (မဇ္စျိမ)
01 May 2023
ရေစကြိုတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်း သေဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ယာဉ်သုံးစီပါ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ နှစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရနိုင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ခလရ(၂၅၈)တပ်မှထွက်လာသည်ဟုယူဆရသော အင်အား ၄၀ ခန့် လိုက်ပါသည့်စစ်ကောင်စီယာဉ်တန်းကို ပေပါမိုင်းတစ်လုံး၊ မိုင်းအသေးငါးလုံးဖြင့် ပခုက္ကူ-ရေစကြိုလမ်းမ ကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ အဲသုံးစီးယာဉ်တန်းကို ကန်သစ်ကျေးရွာနဲ့ ကျီးကန်းကျေးရွာကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ပါ။ အလယ်ကကားက တည့်တည့်ထိလို့ လေပေါ်ကို မြောက်ပြီးထိုးရပ်သွားတယ်။ မျက်မြင်တွေ့ ရတာက နှစ်ကောင် (စစ်ကောင်စီတပ်သားနှစ်ဦး) တစ်ခါတည်း သေသွားတယ်တွေ့ရတယ်။ ဒီထက်လည်း ပိုများ နိုင်တယ်။ ဒဏ်ရာရတဲ့သူလည်း ၁၀ ယောက်ထက်မနည်းရှိမယ်”ဟု  ရေစကြိုပကဖတာဝန်ရှိသူက ပြော သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်နေရာများကို ရမ်းသန်း ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ရေစကြိုပကဖအဖွဲ့ထံမှသိရသည်။

ယင်းအပြင် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ခလရ (၂၅၈) မှ ရေစကြိုမြို့ထဲသို့သွားသည့် ယာဉ် နှစ်စီးကို မြို့အဝင်ဘက်စုံကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိ သွားကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့ ပေါ်ရှိ  ၎င်းတို့တပ်စွဲထားရာနေရာများတွင် အင်အားတိုးချဲ့ ချထားပြီး မြို့ ပေါ်ရပ်ကွက်များတွင်လည်း အင်အားဖြန့်ကျက်ထားကြောင်း ရေစကြိုပကဖထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required