ကနီတွင် စစ်တပ်နှင့်ပျူပူးပေါင်းအဖွဲ့ကို  ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်၊ ၂ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရဟုဆို

By လွှမ်းမိုး (မဇ္ဈိမ)
28 April 2023
ကနီတွင် စစ်တပ်နှင့်ပျူပူးပေါင်းအဖွဲ့ကို  ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်၊ ၂ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ အလယ်ကျွန်းရွာမှ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ ၂၇ ရက် နံနက်နှင့် ညနေတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ပျူ‌ရွာဟု နာမည်ကြီးသော အလယ်ကျွန်းရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ DRPA ၊ K1 ၊ တပ်ရင်း -၂ နှင့် မဟာမိတ် လက်နက်ကြီးတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

“ ၄၀ မမ ၊ ၆၀မမ လက်နက်ကြီးတွေကို အများဆုံး သုံးပြီး တိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် ဘက်ကလည်း စက်ကလေး ၊ ၆၀ မမ တွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာမျိုးတွေ ရှိပါတယ်” ဟုDRPA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA တည်ထောင်ခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု DRPA က ဧပြီလ၂၇ရက်ညတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးသော်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက်  နယ်မြေရှင်းလင်းရေး ထွက်လာသည့် စစ်ကောင်စီတပ် တိုက်မိုင်းမိပြီး ပျူ‌စောထီးတစ်ဦးနှင့် စစ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွားကြောင်း ဟုDRPAကဆိုသည်။

အလယ်ကျွန်းကျေးရွာမှ စစ်ကောင်စီနှင့် ပျူစောထီး ၁၀ဦးခန့်သည်  ဧပြီလ ၂၇ရက် ညနေ ၆နာရီခန့်တွင်သရက်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့KLG PDFက ထပ်မံ၍  မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၊ ပျုစောထီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားကြောင်းKLG PDFက သတင်းထုတ်ပြန်ထားသည်။

အလယ်ကျွန်း ( ရေလည်ကျွန်း) ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေသည်မှာ နှစ်နှစ် နီးပါး ရှိနေပြီ ဖြစ်သည်။ ထိုရွာမှ ထွက်ပြေးလာသည့် လက်လုပ်လက်စား ‌ဒေသခံများသည် ယခုအခါ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရသလို သောက်သုံးရေရှားပါးသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly