စစ်ဒဏ်သင့် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ၁,၀၀၀ ရာခိုင်နှုန်း မြင့်တက်

စစ်ဒဏ်သင့် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ၁,၀၀၀ ရာခိုင်နှုန်း မြင့်တက်

မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုက ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ၁,၀၀၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည် ဖြစ်ရာ ယင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ အမြစ်ပြတ်ကင်းစင်စေရေး တွန်းအားပေးလုပ်ဆောင်နေသည့် ဒေသတစ်ခုအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။

တောင်ကုန်းထူပြီး သစ်တောဖုံးလွှမ်းသော ပြည်နယ်တစ်ခုဖြစ်သည့် ကရင်ပြည်နယ်တစ်ဝန်းတွင် ၂၀၂၃ ၊ ဇန်နဝါရီလက ငှက်ဖျားရောဂါဖြစ်ပွားသူ ၄,၅၁၀ ဦး ရှိခဲ့ရာ ယင်းကို ၂၀၂၀ ပြည့်နှစ် အလားတူကာလက ရောဂါဖြစ်ပွားသူ ၃၉၉ ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ယမန်နှစ်က အဆိုပါပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၃၂,၀၀၀ ဦးခန့် ရှိခဲ့ပြီး အစောပိုင်း ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထက်ပါကိန်းဂဏန်းက ၈,၀၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့သည်။

ထိုင်းနိုင်ငံနှင့် ရှည်လျားပြီး စိမ့်ဝင်နိုင်သော နယ်စပ်တစ်ခု ထိစပ်နေသည့် ကရင်ပြည်နယ်တွင် ယခင်နှစ်များအတွင်း ငှက်ဖျားရောဂါကူးစက်မှုနှုန်း နည်းပါး၊ ကျဆင်းနေခဲ့ရာမှ ယခုနောက်ပိုင်းတွင် ရောဂါ ကူးစက်မှု ပြန်ထိုးတက်လာကြောင်း ရှိုးကလို ငှက်ဖျား သုတေသန ဌာန (SMRU) မှ ကိန်းဂဏန်းများက ပြသနေသည်။

လူနာဦးရေက ၁၉၉၀ ပြည့်နှစ်များကထက် အတော်လေး ဆက်လက် ပိုမိုနည်းပါးနေသည် ဆိုသော်လည်း ၎င်းတို့အနေဖြင့် ယခုလက်ရှိတွင် နေ့စဉ်နီးပါးဆိုသလို ငှက်ဖျားရောဂါဖြစ်ပွားသူများကို တွေ့ရှိနေသည်ဟု မြန်မာ-ထိုင်း နှစ်နိုင်ငံကို ပိုင်းခြားထားသည့် လေထန်သော သောင်ရင်းမြစ်၏ ထိုင်းဘက်ခြမ်းရှိ ဖော့ဖရာ တောင်ဘက် ဆေးခန်းငယ်တစ်ခုမှ ကျန်းမာရေးဝန်ထမ်းများက Telegraph ကို ပြောသည်။

“အခြေအနေက တကယ့်ကို ပြောင်းလဲသွားတယ်။ ဒါက ကျွန်မတို့ မြင်ချင်ခဲ့တဲ့ အနေအထားမျိုး မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံမှ လာသော ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဆေးခန်း၏ ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေးဌာနမှ အကြီးအကဲ အယ်မူးက ပြောသည်။ “ခုဟာက ကျွန်မ ဒီမှာ စအလုပ်လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က အခြေအနေမျိုးလောက်တော့ မဆိုးသေးပါဘူး။ ဒါပေမယ့် လူနာဦးရေ တိုးလာနေမှုအရ ကူးစက်မှုက ပြောင်းလဲနေတယ်ဆိုတာကို ပြသနေတယ်။ အထူးသဖြင့် နယ်စပ်ရဲ့ မြန်မာဘက်ခြမ်းမှာပေါ့”

သူမ၏ ပြောစကားကို လက်တွေ့သက်သေပြသည့်အနေဖြင့် အယ်မူးက အမျိုးသမီးများနှင့် ကလေးတချို့ သစ်သားခုံတန်းလျားများတွင် ထိုင်နေသည့် ဆေးခန်း စောင့်ဆိုင်းဧရိယာကို လမ်းလျှောက်သွားပြီး ငှက်ဖျားကူးစက်ခံထားရသူများ ရှိသလား ဆိုပြီး မေးမြန်းခဲ့သည်။ ထိုအခါ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက လက်ထောင်ပြသည်။ သူမ ခံစားနေရသည့် အဖျားဝေဒနာက ငှက်ဖျားကြောင့် ဖြစ်ကြောင်း ဓာတ်ခွဲခန်းအဖွဲ့က မကြာခင်ကမှ အတည်ပြုပေးထားခြင်းဖြစ်သည်။

“ကဲ၊ ကြည့်ပါ၊ ကျွန်မတို့ဟာ နေ့တိုင်းပဲ ငှက်ဖျားရောဂါဖြစ်တဲ့ လူနာသစ်တွေကို စမ်းသပ်တွေ့ရှိနေတာလေ” ဟု အယ်မူးက ပြောသည်။ “ဒါက စိုးရိမ်စရာ အနေအထားတစ်ခုပါ”

သို့သော် ယင်းသည် မိုင်ရာချီ ဝေးသည့် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်၌ ကျွမ်းကျင်ပညာရှင်များကို အထိတ်တလန့်အဖြစ်စေဆုံး အခြေအနေတစ်ခု ဖြစ်သည်။ အဆိုပါ မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ငှက်ဖျားဖြစ်ပွားမှု တစ်ဟုန်ထိုးတက်ခြင်းက အန္တရာယ်ရှိသော Plasmodium falciparum ကပ်ပါးကောင် (ငှက်ဖျားပိုး) ပျံ့နှံ့မှုနှင့် ဆက်စပ်နေခဲ့သည်။

ယင်း ငှက်ဖျားပိုးက ထိုဒေသ၌ ငှက်ဖျားရောဂါဖြစ်ပွားမှု အများစုကို ဖြစ်စေသည့် Plasmodium vivax ကပ်ပါးပိုးထက် ပိုမို ပြင်းထန်သော ကူးစက်မှုများကို ဖြစ်စေရုံတင်မက ယင်းသည် အထူးတလည် ကုသဆေးများကို ခံနိုင်ရည်ရှိမှု ဖြစ်ပေါ်လေ့ရှိတတ်သည်။

“တကယ်ဆိုရင် ခင်ဗျားအနေနဲ့ P.vivax ငှက်ဖျားပိုး ရှိချင်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါက ခင်ဗျားကို သေစေမှာ မဟုတ်ဘူး။ အဲဒါက အန္တရာယ်သိပ်မရှိဘူး” ဟု SMRU ၏ ဒါရိုက်တာနှင့် အပူပိုင်းဆေးပညာ ပါမောက္ခ ဖရန်ဆွာ နိုစတင်းက ပြောသည်။ “ကျွန်တော်တို့ အမှန်တကယ်တမ်း စိုးရိမ်မိတာက P.falciparum ပဲဖြစ်တယ်။ အဲဒါက ပိုပြီး ပြင်းထန်တယ်။ ပိုပြီးလည်း ငှက်ဖျားဆေးကို အတော်လေး ခံနိုင်ရည်ရှိတယ်။ ဒါက ပြဿနာတစ်ခုပါ။ ဒါကြောင့်လည်း ဒါကို အမြစ်ပြတ်အောင် လုပ်ချင်တာဖြစ်တယ်”

မြန်မာတွင် နှစ်စဉ် ငှက်ဖျားရောဂါ ဖြစ်ပွားမှု အမြင့်ဆုံး ကာလနှစ်ခု ရှိပြီး တစ်ခုမှာ မေလနှင့် စက်တင်ဘာအကြား မိုးရာသီ ဖြစ်ပြီး နောက်တစ်ခုမှာ အချိန်ပိုတိုတောင်းသော်လည်း ပိုမို ပြင်းထန်သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာအကြား အေးမြသည့် ဆောင်းတွင်း ကာလတစ်ခုတို့ ဖြစ်သည်။

၂၀၂၂ ဒီဇင်ဘာလက ကရင်ပြည်နယ် မြောက်ပိုင်းရှိ ဧရိယာတစ်ခုတွင် ငှက်ဖျားကူးစက်မှုဖြစ်စဉ် ၁,၄၁၃ ခု ရှိခဲ့ပြီး ယင်းတို့က P.falciparum ကပ်ပါးပိုး ကူးစက်မှုများနှင့် ဆက်နွယ်နေကာ ယင်းနောက် ဇန်နဝါရီလတွင် ငှက်ဖျားရောဂါကူးစက်မှုဖြစ်စဉ် ၈၃၃ ခု ရှိခဲ့သည်။ ယင်းက သိသာထင်ရှားသည့် မြင့်တက်မှုဖြစ်သည်။ ၂၀၂၁ ဒီဇင်ဘာတွင် ငှက်ဖျားကူးစက်မှုဖြစ်စဉ်က ၂၁၃ ခုမျှသာ ရှိခဲ့ပြီး ၂၀၂၀ အလားတူလတွင် ၁၀၃ ခု နှင့် ၂၀၁၉ တွင် ၃၉ ခုသာလျှင် ရှိခဲ့သည်။

ပြည်နယ်၏ အဆိုပါ ဧရိယာတွင် P.falciparum က မည်သည့်အတွက်ကြောင့် ပိုမို ကျယ်ပြန့်စွာ ကူးစက်ပျံ့နှံ့သလဲ ဆိုသည်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် မကြာသေးခင်ကာလက ဖြစ်စဉ်များနှင့် ပတ်သက်နေနိုင်သည်။

COVID-19 ကပ်ရောဂါကာလအတွင်း ငှက်ဖျား ကူးစက်ပျံ့နှံ့မှုက ကနဦး အရှိန်အဟုန် မြင့်တက်ခဲ့ပြီး COVID-19 ကူးစက်မှုကို ထိန်းချုပ်သည့် အစီအမံများကြောင့်လည်း အချို့သော လူအစုအဖွဲ့များထံ ရောက်ရှိစေရန် ခက်ခဲစေခဲ့သလို ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကိုလည်း အလျဉ်ပြတ်ပြားစေခဲ့သည်။

ယင်းနောက်ပိုင်း မြန်မာနိုင်ငံတွင် လုံခြုံ‌ရေး အခြေအနေ မသေချာမရေရာမှုကြောင့် ငှက်ဖျားဖြစ်ပွားမှု မြင့်တက်ခြင်းအပေါ် တုံ့ပြန်ရာတွင် ပိုမို ခက်ခဲစေခဲ့သလို နေရပ်စွန့်ခွာသူ အများအပြားသည်လည်း ခြင်များ ပေါက်ဖွားရာ သစ်တောဖုံးလွှမ်းသည့် ဧရိယာများထဲသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ကြရသည်။

ဦးတည်ရာ အလားအလာများ လွဲမှားသည့် လမ်းကြောင်းအတိုင်း သွားနေသည်က ငှက်ဖျား ရောဂါတစ်ခုတည်း မဟုတ်ပေ။ ၁၉၈၉ ခုနှစ်နောက်ပိုင်း မြန်မာရွှေ့ပြောင်းများနှင့် ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခဲ့သည့် မဲဆောက်ပြင်ပရှိ မယ်တော် ဆေးခန်းတွင်လည်း အသစ်ရောက်လာသည့် လူနာများထဲတွင် တီဘီ၊ ပြင်းထန် HIV နှင့် အာဟာရချို့တဲ့မှု အပါအဝင် ရောဂါအခြေအနေများတွင် မြင့်တက်နေကြောင်းကို ကျန်းမာရေးလုပ်သားများက ထုတ်ဖော်ခဲ့သည်။

“ခြုံကြည့်ရင် အခြေအနေက ဆိုးသထက် ဆိုးလာနေတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို လက်လှမ်းမီ ရရှိနိုင်မှုက အဆက်ပြတ်နေတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေး စနစ် ပြိုလဲလုနီးပါး ဖြစ်နေတာကို တွေ့နေရတယ်” ဟု မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာ မောင်က ပြောသည်။ “HIV ဒါမှမဟုတ် ကလေးငယ် အာဟာရချို့တဲ့မှု ဒါမှမဟုတ် အခြား ကူးစက်ပျံ့နှံ့နိုင်မှု မရှိတဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ပိုမိုပြင်းထန်တဲ့ ဖြစ်စဉ်တွေ ကျွန်မတို့ တွေ့ရတယ်”

သို့သော် အထူးသဖြင့် P. falciparum ကပ်ပါးပိုး ကူးစက်ပျံ့နှံ့မှု မြင့်မားမှု အပါအဝင် ငှက်ဖျားရောဂါဖြစ်ပွားမှုပိုင်း ထိုးတက်ခြင်းက အထူးတလည် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် တရုတ် တောင်ပိုင်း တို့ ပါသည့် မဲခေါင် ဒေသခွဲတွင် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ငှက်ဖျား ဖြစ်ပွားမှုက သိသိသာသာ ကျဆင်းထားခဲ့သည့်အတွက် ကျန်းမာရေး အရာရှိများက ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါကို အမြစ်ဖြတ်မည့် ရည်မှန်းချက်များ ပြည့်မီနိုင်ရေးအတွက် အကောင်းမြင်ထားခဲ့ကြသည်။

ယင်းသည် အထူးသဖြင့် အရေးကြီးသည်ဟု ရှုမြင်ရသည်။ အကြောင်းမှာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ငှက်ဖျား ဆေးဝါးများကို ခံနိုင်ရည်ရှိသည့် ကပ်ပါးပိုးများက မဟာ မဲခေါင် ဒေသခွဲတွင် ပေါ်ထွက်ခဲ့ပြီး ယင်းနောက် အာဖရိက အပါအဝင် ကမ္ဘာ့ တခြားဒေသများသို့ ပျံ့နှံ့ရောက်ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

“ဒီ ဧရိယာမှာ P. falciparum ကို အမြစ်ဖြတ်ဖို့ ကျွန်တော်တို့ ဘာကြောင့် စလုပ်ခဲ့တာလဲ။ ဒါက လူသားတွေရဲ့ အချစ်အတွက်သက်သက် မဟုတ်ပါဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ ဒီဧရိယာမှာ ရှိတဲ့ ငှက်ဖျားပိုးက ငှက်ဖျားဆေးကို အင်မတန်မှ ခံနိုင်ရည်ရှိလို့ပါ” ဟု ပါမောက္ခ နိုစတင်းက ပြောသည်။ “အဲဒါကို ပိုပြီး ဆေးယဉ်ပါးတာမျိုး ဖြစ်မလာစေအောင် ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဒါကို အမြစ်ပြတ်ကင်းစင်စေအောင် လုပ်ဖို့ပဲဖြစ်တယ်။ အဲဒီ ရည်ရွယ်ချက်အပေါ်မှာ ကျွန်တော်တို့ ဆက်ပြီး အာရုံစိုက်ရလိမ့်မယ်လို့ ထင်တယ်”

ကရင်ပြည်နယ်မြောက်ပိုင်းတွင် ငှက်ဖျား ကူးစက်ပျံ့နှံ့စေသော ကပ်ပါပိုးများက အာတီမစ်စနင်း artemisinin ဆေးကို ခံနိုင်ရည် ရှိနေပြီ ဆိုသော်လည်း အခြားသော ဆေးဝါးအသစ်များက ထိရောက်မှု နည်းလာပြီလား ဆိုသည်နှင့်ပတ်သက်ပြီး လက်ရှိတွင် သက်သေအထောက်အထားမရှိဟု ၎င်းက ပြောသည်။

သို့သော် ယင်းသည် အချိန်မရွေး ပြောင်းလဲနိုင်သည့် အတွက် ရှေ့ဆက်လက် ကူးစက်နိုင်မှု အန္တရာယ်ကို လျှော့ချရန် ရောဂါကို မြန်မြန်ဆန်ဆန် ရှာဖွေဖော်ထုတ်၊ ကုသရန်က ယခင်ကထက် ပိုမိုအရေးကြီးလာစေသည်။ ဤဧရိယာတွင် ခြင်အများအပြားက နေ့ခင်း သို့မဟုတ် ညအစောပိုင်းတွင် ကိုက်တတ်သည့်အတွက် ခြင်ထောင်ထောင်အိပ်ရန် ပိုအရေးကြီးသည်။

“ကျွန်တော်တို့ သတိရှိရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လူတိုင်း သုံးတဲ့ ငှက်ဖျားဆေးအရောတစ်ခုဖြစ်တဲ့ artemether-lumefantrine (ACT) ကို ခံနိုင်ရည်ရှိမှုက ပေါ်ပေါက်လာနိုင်လို့ဖြစ်တယ်။ အကဲဖြတ်ချင့်တွက်တဲ့ လေ့လာမှုတွေ လုပ်ဖို့ မလွယ်တဲ့အတွက် အရေးပေါ်အခြေအနေကို ဖော်ထုတ်သိရှိဖို့ ခက်ခဲပါတယ်” ဟု ပါမောက္ခ နိုစတင်းက ပြောသည်။ “ဒါကြောင့် ကျွန်တော်တို့ သတိလက်လွတ် မဖြစ်အောင် အထူး ဂရုစိုက်ရပါလိမ့်မယ်”

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required