စစ်ကောင်စီရွေးကောက်ပွဲကပေးလာမည့် ဘေးအန္တရာယ်များကို ICG သတိပေး 

စစ်ကောင်စီရွေးကောက်ပွဲကပေးလာမည့် ဘေးအန္တရာယ်များကို ICG သတိပေး 
Photo - Reuters

မြန်မာစစ်ကောင်စီ ပြင်ဆင်နေသော “နောက်ကွယ်က စီမံညွှန်ကြားသည့်” ရွေးကောက်ပွဲများသည် နိုင်ငံအတွင်းက တင်းမာမှုများမြင့်တက်နေခြင်းနှင့် ပဋိပက္ခဘေးအန္တရာယ်များကို ပိုမိုဆိုးဝါးစေလိမ့်မည်ဟု စိုးရိမ်ပူပန်မှုများ ရှိနေသည်။ 

နိုင်ငံတကာ ပဋိပက္ခဆိုင်ရာအုပ်စု ICG က “ဘယ်ကိုမှမရောက်သည့် လမ်း၊မြန်မာစစ်ကောင်စီ၏ နောက်ကွယ်ကစီမံညွှန်ကြားသည့် ရွေးကောက်ပွဲများ” ဆိုသည့် ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်ရပ်ကိုထုတ်ပြန်လာခဲ့သည်။ နေပြည်တော်တွင် တပ်မတော်နေ့အားမြန်မာစစ်ကောင်စီ ကျင်းပခဲ့ပြီး နောက်တစ်ရက်၌ထုတ်ပြန်သော ယင်းအစီရင်ခံစာတွင် ပြည်သူများ၏သဘောထားကို ကိုယ်စားပြုမည်မဟုတ်သော ကျင်းပမည့်တရားမဝင် ရွေးကောက်ပွဲများ၏ ဘေးအန္တရာယ်များကိုသတိပေးထားသည်။ 

မြန်မာနိုင်ငံ၌ အာဏာသိမ်းစစ်ကောင်စီသည် ပါတီသစ်မှတ်ပုံတင်ခြင်း ဥပဒေအားပြဋ္ဌာန်းခြင်းနှင့် မဲပေးစာရင်းအသစ် ပြုစုခြင်းတို့ဖြင့်ရွေးကောက်ပွဲများအတွက် မြေပြင်လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။သို့ရာတွင် နိုင်ငံ၏နယ်မြေဒေသအများစုမှာ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး အများစုသောပြည်သူများက မဲပေးမှုကိုကန့်ကွက်ဆန့်ကျင်ထားကြကာ စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရသည်ဟု မရှုမြင်ကြပေ။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးဝင်းမြင့်တို့ အပါအဝင်ခေါင်းဆောင်ပိုင်းများ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရခြင်း၊ နိုင်ငံအတွင်းပုန်းအောင်းနေရခြင်းနှင့် ပြည်ပထွက်ပြေးရခြင်းများ ရှိနေသည့်မြန်မာနိုင်ငံတွင် လူထုထောက်ခံမှု အများဆုံး NLD ပါတီကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို သပိတ်မှောက်လျက် ရှိသည်။  

နိုင်ငံရေးပါတီသစ်များ မှတ်ပုံတင်ရမည့် နောက်ဆုံးရက်မှာမတ် ၂၈ရက်  ယနေ့တွင် ပြည့်မြောက်ခဲ့ပြီဖြစ်၍ ယင်းနောက်၌မည်သည့် ပါတီသစ်မှမှတ်ပုံတင်ကာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်တော့မည်မဟုတ်ပေ။ 

NLD ပါတီကိုစစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာထားရာပါတီအနေဖြင့် ယခုအတုအယောင် ရွေးကောက်ပွဲ၌ ပါဝင်သွားမည်မဟုတ်ကြောင်း ပါတီကိုယ်စားလှယ်များက မီဒီယာများသို့ ပြောထားသည်။ 

ယခု ICG ၏အစီရင်ခံစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်မှာစစ်ကောင်စီသည် ၎င်း၏တန်ပြန်သောင်းကျန်းသူ ချေမှုန်းရေးစစ်ဆင်ရေးများ အရှိန်မြှင့်တင်ရာတွင် ယိုးမယ်ဖွဲ့ရာအဖြစ် ရွေးကောက်ပွဲကိုအသုံးချခြင်းနှင့်အတူ ယင်းရွေးကောက်ပွဲများသည် အကြမ်းဖက်မှုများကို ပို၍ မြင့်မားစေလိမ့်မည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီအနေဖြင့်မည်သို့သော သပိတ်မှောက်ဆန့်ကျင်မှုကိုမဆို ချေမှုန်းနှိပ်ကွပ်ခြင်းများဖြင့် တုံ့ပြန်လာလိမ့်မည်သာ ဖြစ်သည်။၎င်းအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအုပ်စုများကလည်း ရွေးကောက်ပွဲများ မကျင်းပနိုင်အောင်ခြိမ်းခြောက်လျက်ရှိနေပြီး မဲစာရင်းကောက်ယူသူများကို သတ်ဖြတ်သည့်သတင်းအချို့လည်း ရှိထားပြီးဖြစ်သည်။  

အနောက်နိုင်ငံများနှင့် နေပြည်တော်ကို ဩဇာသက်ရောက်သောဒေသတွင်း သက်ဆိုင်သူများကို ရွေးကောက်ပွဲအားအင်အားသုံး မကျင်းပအောင်စစ်ကောင်စီအား ဖိအားပေးရန်ICG ကတိုက်တွန်းလျက်ရှိပြီး မဲရလဒ်သည်တရားဝင်မည်မဟုတ်ဟု ပြတ်ပြတ်သားသား သတင်းစကားပါးထားသည်။ တစ်ချိန်တည်းမှာပင် စင်ပြိုင်သို့မဟုတ် အတိုက်အခံအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပစ်မှတ်များကိုတော်လှန်ရေးအုပ်စုများက တိုက်ခိုက်ခြင်းများအား ပြတ်ပြတ်သားသား ကန့်ကွက်ရန်လည်းတိုက်တွန်းသည်။  

နိုင်ငံရေးမျက်နှာစာ 

၂၀၂၁ ဖေဖော်ဝါရီ၁ ရက်ကအာဏာသိမ်းခဲ့သော စစ်ကောင်စီသည် တရားဝင်မှုရရှိရေး မျက်နှာစာအောက်တွင် ရွေးကောက်ပွဲများကျင်းပရေး အစီအစဉ်များအား ရှေ့တိုးဖော်ဆောင်လျက်ရှိသည်။ စစ်တပ်ထောက်ခံသော အရပ်သားအစိုးရတစ်ရပ်တည်ထောင်နိုင်ရေးကို ကြိုးပမ်းနေပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ အနိုင်ရသော NLD ဦးဆောင်သည့်အစိုးရကို ဖြုတ်ချထားခဲ့သည်။  

စစ်ကောင်စီသည် ကနဦးကရွေးကောက်ပွဲများကို ယခုနှစ်ဩဂုတ်လတွင် ကျင်းပရန်ပြောဆိုထားသော်လည်း ၂၀၂၃ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းဒုတိယမြောက်နှစ်ပတ်လည်တွင် မမျှော်လင့်စွာဘဲ အရေးပေါ်အခြေအနေကိုစစ်ကောင်စီက နောက်ထပ်ခြောက်လ သက်တမ်းတိုးလိုက်သည်။   

ရွေးကောက်ပွဲများက အရပ်သားအုပ်ချုပ်ရေးဆီ ပြန်လည်ရောက်ရှိစေမည်ဟု စစ်ကောင်စီကအတည်ပြုသော်လည်း ညွှန်ပြနေသည့် အရာအားလုံးမှာစစ်ကောင်စီသည် နိုင်ငံတွင်း၌ ၎င်း၏ နိုင်ငံရေးအတွင်း ပါဝင်ပတ်သက်မှုကိုအမြစ်ခိုင်မာလိုခြင်းသာဖြစ်ကြောင်း ပြသလျက်ရှိနေသည်။ မြန်မာနိုင်ငံတွင် “ဦးဆောင်နိုင်ငံရေးအခန်းကဏ္ဍ” ၌စစ်တပ်အား ထားရှိထားသောစစ်တပ်ရေးဆွဲသည့် ၂၀၀၈ဖွဲ့စည်းပုံဥပဒေပေါ်တွင် ခြေကုပ်ယူထားဆဲပဲ ဖြစ်သည်။စစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအား ပယ်ဖျက်ရန်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား နိုင်ငံရေးနယ်မှ ဖယ်ရှားပစ်ရေးပဲဖြစ်သည်။ အရပ်သားအစိုးရနှင့် အာဏာခွဲဝေယူမှုအပေါ်စစ်တပ်၏ သဘောထားမှာ၎င်းတို့၏ အထူးအာဏာကိုရိုသေလေးစားရေးပဲ ဖြစ်သည်။ယင်းသည် စစ်တပ်ဖွင့်ဆိုထားသည့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုသောခေါင်းစည်းအောက်တွင် ရှိနေသည်။ 

ထိုသို့သော ရလဒ်မျိုးထွက်ပေါ်လာရေးအတွက် ရွေးကောက်ပွဲများကို ရည်မှန်းချက်ထားခြင်းသာ ဖြစ်ပြီးပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော သဘောထား မရှိပေ။ 

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်ပြဿနာမှာ စစ်တပ်၏အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်ကို အပြည့်အဝမထင်ဟပ်သော ၎င်း၏ကိုယ်ပိုင် အကျိုးစီးပွားပဲ ဖြစ်သည်။၂၀၀၈ ဖွဲ့စည်းပုံသည် တစ်ဦးတည်းသောအာဏာချုပ်ကိုင်ထားသူ မထွက်ပေါ်လာရေးကို တားဆီးထားသည်။တပ်မတော်ဦးစီးချုပ်နှင့် သမ္မတကြားအာဏာခွဲဝေပေးထားသည်။ သို့ပေမယ့်မင်းအောင်လှိုင်သည် အာဏာကိုခွဲဝေယူလိုခြင်း မရှိပေ။ထိုကြောင့် ၎င်းသာသမ္မတ ဖြစ်ရန်စိတ်ထားရှိပါက သူ့အမိန့်အားနာခံမည့် ကာကွယ်ရေးဦးစီးချုပ်ကို သူနေရာတွင်ကျိန်းသေ အစားထိုးလိမ့်မည်သာ ဖြစ်သည်။သို့မဟုတ်ပါဘဲ ကာကွယ်ရေးဦးစီးချုပ်အဖြစ်ပဲ ဆက်ရှိနေချင်သည်ဆိုလည်း ၎င်းကြိုးဆွဲ၍ရမည့် သမ္မတကိုပဲခန့်အပ်လိမ့်မည် ဖြစ်သည်။ယင်းကို အကောင်အထည်ဖော်ရန်အတွက် NLD မရှိလျှင်ရွေးကောက်ပွဲ၌ အလွှမ်းမိုးဆုံး ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အလုံးစုံထိန်းချုပ်နိုင်ဖို့ သူ့အတွက်လိုအပ်မည် ဖြစ်သည်။ 

အရေးပေါ်အခြေအနေ ထပ်မံ သက်တမ်းတိုးခြင်းနှင့် ဆက်စပ်သော ရွေးကောက်ပွဲ နှောင့်နှေးခြင်းတို့သည် မင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲ နောက်ပိုင်းကာလ ၎င်း၏ အစီအစဉ်များအပေါ် ယုံကြည်မှု မရှိသည်ကို ပြသလျက် ရှိသည်။ မဲပေးမှုအား တွန်းတင်ဆောင်ရွက်နေသည့် ၎င်း၏ အကြောင်းပြချက်သည် မိမိကိုယ်ကိုကို ယုံကြည်မှု နည်းပါးခြင်းထက် ပိုပြီး ဖြစ်တန်ခြေရှိသော စဉ်းစားသုံးသပ်စရာအဖြစ် ၎င်းသည် ထိပ်တန်း သမ္မတရာထူးအတွက် အဓိကယှည်ပြိုင်မည်ဟု ကြိုတင်မှန်းဆထားဖွယ် ရှိသည်။ 

ပြင်ဆင်ချိန်အတွက် အချိန်များစွာ ရသည့်တိုင်အောင် စစ်ကောင်စီသည် ရွေးကောက်ပွဲ၌ ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ရမည်က သေချာပေါက်ပင် ဖြစ်သည်။ ရွေးကောက်ပွဲအား လူထု၏ ဆန့်ကျင်မှု အတိုင်းအတာအရ စစ်ကောင်စီအနေဖြင့် အတင်းအကျပ် ဆောင်ရွက်လာနိုင်သည်။ ရွေးကောက်ပွဲပစ်မှတ်များအား တိုက်ခိုက်ခြင်းများကို ဟန့်တားရန် ကြိုးစားခြင်း၊ မဲရုံအလုပ်သမားများနှင့် မဲပေးသူများကို ပါဝင်လာအောင် ခြိမ်းခြောက်ခြင်းများ ရှိလာမည် ဖြစ်သည်။ ရွေးကောက်ပွဲအား ပယ်ဖျက်မည်ဟု စိတ်ပိုင်းဖြတ်ထားသော တော်လှန်ရေးအုပ်စုများက မဲစာရင်းကောက်ယူသူများကို သတ်ဖြတ်ခြင်းများလည်း ရှိနေသည်။ ထိုအတွက်ကြောင့် မဲပေးမှုအတွက် ရှေ့တိုးဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ထပ်တိုး မြင့်မားစေမည့်အဖြစ်သို့ ကျိန်းသေသလောက်နီးပါး ရှိနေတော့သည်။ 

NUG အတွက် အကျပ်ရိုက်မှု 

NUG အနေဖြင့်လည်း အကျပ်ရိုက်လျက် ရှိသည်။ စစ်ကောင်စီကို ဆန့်ကျင်သော အဓိက နိုင်ငံရေးအင်အားစုအဖြစ် NUG သည် လူထုသပိတ်မှောက်ခြင်းများအား တွန်းအားပေးခြင်းနှင့် ရွေးကောက်ပွဲ၌ ပါဝင်သူ သို့မဟုတ် ထောက်ခံသူ မည်သူမဆို ရှုတ်ချခြင်းတို့အားဖြင့် ရွေးကောက်ပွဲအား ၎င်း၏ ပြင်းပြင်းထန်ထန် အတိုက်အခံပြုမှုကို ဖော်ပြရန် လိုလားနေသည်။ သို့ရာတွင် ရွေးကောက်ပွဲပစ်မှတ်များအား တိုက်ခိုက်သည့် လက်နက်ကိုင် တော်လှန်ရေးအုပ်စုများ၏ အကြမ်းဖက်မှုများအား ထောက်ခံရာ ရောက်သွားနိုင်သဖြင့် ၎င်းတို့ ပုံမှန်ဆက်ဆံရေး ထူထောင်ရန်လိုလားနေသော နိုင်ငံများက ၎င်းတို့ကို “အကြမ်းဖက်များ” အဖြစ် ထင်မြင်သွားအောင် စစ်ကောင်စီအတွက် အလွယ်တကူ ပုံဖော်သွားနိုင်လိမ့်မည် ဖြစ်သည်။ 

NUG အနေဖြင့် တော်လှန်ရေးအုပ်စု အများစုကို ထိန်းချုပ်ထားခြင်း မရှိသော်လည်း အတိုက်အခံဘက်မှ ရှေ့ဆောင်နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ခြင်းကြောင့် တော်လှန်ရေးအုပ်စုများ၏ လုပ်ရပ်သည် NUG ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်နိုင်သည်။ 

ထိုအတွက်ကြောင့် NUG အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲများမှ သဘောထားကွဲလွဲသူများကို ဖြစ်နိုင်သမျှ ဖယ်ထုတ်ထားသင့်ပြီး မည်သူမှ ရွေးကောက်ပွဲ ပစ်မှတ်အား တိုက်ခိုက်ခြင်း မပြုသင့်ကြောင်းကို ယတိပြတ်ဖော်ပြထားသင့်သည်။ 

နိုင်ငံခြားထောက်ပံ့မှုများ မရှိရ 

စစ်ကောင်စီအနေဖြင့် တရားဝင်ဖြစ်မှု၏ သက်သေအဖြစ် ကိုးကားလာမည်ဖြစ်သော ယခု ရွေးကောက်ပွဲများကို နိုင်ငံခြားအစိုးရ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံမှု မပြုသင့်ဟု ICG က အကြံပြုသည်။ အခြေအနေအရ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများ မဖြစ်နိုင်ဟုဆိုကြသော ပြည်သူတို့၏ ရပ်တည်ချက်ကို ပြည်ပအစိုးရများအနေဖြင့် အလေးစိုက်ရန် လိုအပ်သည်။ အနောက်နိုင်ငံများကတော့ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြသော်လည်း အခြားသော နိုင်ငံများ အထူးသဖြင့် အာရှရှိနိုင်ငံများသည် မြန်မာ့ပဋိပက္ခကို စိုးရိမ်ပူပန်ပြီး ဖွဲ့စည်းပုံအုပ်ချုပ်ရေးအား ပြန်လည်အသက်သွင်းခြင်းအတွက် ရှေ့ရှုရာအဖြစ် ရွေးကောက်ပွဲများအား လိုလားလက်ခံဖွယ် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required