PDF ထောက်ပို့လုပ်ဟုဆိုကာ ဖားကန့်မှာ အမျိုးသား ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး 

By ကချင်လေး (မဇ္ဈိမ)
14 March 2023
PDF ထောက်ပို့လုပ်ဟုဆိုကာ ဖားကန့်မှာ အမျိုးသား ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး 

ကချင်ပြည်နယ် ဖားကန့်မြို့တွင် PDF များကို ထောက်ပို့လုပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားသွားကြောင်း သိရသည်။ 

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ အမျိုးသား ခုနစ်ဦးကို ဖားကန့်ဒေသရှိ PDF များကို ထောက်ပို့လုပ်သည်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

''သတင်းအတိအကျ ရလာပြီး လာဖမ်းသွားတဲ့ပုံစံဘဲဗျ။ ဒီလူတွေက တစ်ယောက်တစ်နေရာစီမှာ နေကြတာကို တစ်ချိန်ထဲမှာ ဝင်ဖမ်းသွားကြတာပဲဗျ​။'' ဟု သတင်း ရင်းမြစ်က ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လောက်ဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ စစ်ကားများနဲ့ မှော်ဝမ်းရပ်ကွက်အတွင်း ဝင်ရောက်လာပြီး ထိုအမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့ကြသည့် သတင်းရင်းမြစ်များက ဆိုသည်။ 

ယင်းအမျိုးသား ခုနစ်ဦး အဖမ်းဆီးခံရမှုမတိုင်မီ မတ်လ ၁၀ ရက်နေ့က ၎င်းအမျိုးသားများ၏ မိတ်ဆွေဖြစ်သူ မှော်ဝမ်းရပ်ကွက်မှ  ကိုဝေလုံ ဆိုသူမှာ ဝှေခါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုကိုခံလိုက်ရပြီးနောက် ကိုဝေလုံမှတစ်ဆင့် ဆက်စပ်ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသော်လည်း Mizzima အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

ထိုသို့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မှော်ဝမ်းရပ်ကွက်မှ အမျိုးသား ခုနစ်ဦးမှာ ကိုမျိုးသန့် (ဆံသဆရာ)၊ ကိုဖိုးချမ်း၊ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးနောင်နောင် (ခ)ဦးဖြိုးကျော်၊ ဦးအောင်ဇေယျတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

မှော်ဝမ်းရပ်ကွက်မှ သတင်းရင်းမြစ်များက အဆိုပါ အမျိုးသား ခုနစ်ဦးကို စစ်ကောင်စီတပ် ဗျူဟာမှူးထိုင်သည့် ဖားကန့်ဗျူဟာကုန်းတွင် ထားရှိစစ်ဆေးနိုင်တယ်လို့ ဆိုကြပေမယ့် mizzima အနေနဲ့က စုံစမ်းနေဆဲ ဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required