ဖာပွန်ခရိုင်၌ ဖေဖော်ဝါရီလအတွင်းတိုက်ပွဲများတွင် စကစနှင့် မဟာမိတ်ဘက်မှ ၇၀ နီးပါး သေဆုံး

ဖာပွန်ခရိုင်၌ ဖေဖော်ဝါရီလအတွင်းတိုက်ပွဲများတွင် စကစနှင့် မဟာမိတ်ဘက်မှ ၇၀ နီးပါး သေဆုံး

မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ဖေဖော်ဝါ ရီလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့် တပ်(BGF)ဘက်မှ ၆၉ ဦး သေဆုံးခဲ့ကြောင်း KNU- တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်၊ BGF နှင့် KNLA ၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၁၇၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ဗိုလ်တစ်ဦးအပါ အဝင် ၆၉ ဦး သေဆုံးပြီး ၄၉ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်ဟာမ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင်၌ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ် သားသုံးဦး သေဆုံးပြီး လေးဦဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်း နှစ်ဘက်စစ်ရေးတင်းမာလာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု များလည်း ပိုမိုများပြားလာနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေသူများက ပြောသည်။

“စစ်အာဏာရှင်တွေရဲ့ ချိုးဖောက်မှုကြောင့် သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တရားမျှတမှု ရှိစေဖို့ သက်ဆိုင်ရာ သက်ဆိုင်သူတွေနဲ့ ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်” ဟု ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG ) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်အတွင်းမှ ဒေသခံများခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် စိုးရိမ်မှုများကို ဆက်လက်မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ရရှိလာသောအထောက်အထားများကို နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့များထံသို့ မျှဝေပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ သစ်ငါးပင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ BGF တစ်ဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့သေးသည်။

KNU တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းများသို့ ရိက္ခာပို့ရန်လာသော ထောက်ပို့ ယာဉ်များ လမ်းခုလတ်တွင် မကြာခဏတိုက်ခိုက်ခံရ၍ အထိနာမှုများရှိသောကြောင့် ဖေဖော်ဝါရီလမှစ၍ လေကြောင်းဖြင့် ရိက္ခာ၊ လက်နက်ဖြည့်တင်းမှုများပြုလုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် များက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်နေပြီး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ ခြောက်ခုတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required