ခလ၇ (၂၅၈)အား လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်

By MTO (မဇ္ဈိမ)
05 March 2023
ခလ၇ (၂၅၈)အား လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ခလ၇(၂၅၈)တပ်ကို ရွာတစ်ရွာကျော်မှနေ၍  လုံခြုံရေးယူပေး သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယနေ့ မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တစ်ရွာကျော်လောက်ခြားတဲ့ ကံသစ်နဲ့ ကြည့်ကန်ရွာကြားထဲမှာ အင်အား ၄၀ လောက်ကို ကာကင်းပုံစံ နဲ့လွှတ်ထားတာ အဲ့ဒါကို သတင်းရလို့ စကောက်(Scout)ထောက်ပြီးတော့ အီနာဂါတစ်လုံးချ တိုက်ခိုက်ခဲ့ တာ အများအပြားဒဏ်ရာရတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။|

အဆိုပါ ခလ၇ (၂၅၈)တပ်အတွင်းသို့ စာမေးပွဲလာဖြေသည့် ကျောင်းသားကျောင်းသူများကို ရွာတစ်ရွာ ကျော်အကွာအဝေးမှနေ၍ လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ခလရ (၂၅၈) တပ်အတွင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့်  ကျောင်းသား၊ ကျောင်းသူများကို စစ်ကောင်စီတပ်ဖွဲ့က သယ်ယူပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေစကြိုမြို့နယ်အတွင်းရှိ ကျောင်းများအနက် မြို့ပေါ်ကျောင်းများတွင် စာမေးပွဲများဖြေဆိုပြီးစီးသွားပြီ ဖြစ်ပြီး ၁၀ တန်း (တက္ကသိုလ်ဝင်တန်း)စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင်စတင်ကျင်းပမည် ဖြစ်ကြောင်း Yesagyo Information မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြို့ပေါ်က ကျောင်းတိုင်းကတော့ ယခုနှစ်စာသင်နှစ်မှာ စာမေးပွဲတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။  အတန်းငယ် တွေသာ ပြီးသေးတာပါ။ ၁၀ တန်းက မြို့ပေါ်မှာ ၈ ရက်နေ့မှ ဖြေဆိုကြမှာပါ” ဟု ၎င်းကပြောသည်။

ရေစကြိုနယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ NUG လက်အောက်ခံ မြို့နယ် ပညာရေးဘုတ်အဖွဲ့၏စီစဉ်ပေးမှုဖြင့် သင်ကြားဖြေဆိုခဲ့ကြရခြင်းဖြစ်ကြောင်း Yesagyo Information အဖွဲ့ က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်ကျောင်းများသို့ မေးခွန်းများသယ် ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ရေစကြိုမြို့အဝင် ဘက်စုံကွေ့နားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required