ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှ မဘသဥက္ကဌ ဦးကျော်တင့်ဦး အသတ်ခံရပြီးနောက် အဆိုပါအမှုအတွက် သံသယရှိသည်ဟု အကြောင်းပြကာ ငွေကြေးအဆင်ပြေသူ မြို့ခံ ၁၄ ဦးကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။
ဦးကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့ ပေါ်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဖေဖော်ဝါရီလ ၂၄
ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ထိုနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်
မော်လမြိုင်ကျွန်းမြို့ အမှတ် (၁၂) ရပ်ကွက်မှ ဒေသခံ ငါးဦးနှင့် အမှတ် (၉)ရပ်ကွက်မှ ကိုးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဦးကျော်တင့်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ စစ်ဆေးမည်ဟု အကြောင်းပြကာ ငွေညစ်နေသည်ဟု ဒေသခံတဦးက မဇ္ဈိမသို့ပြောသည်
"မော်ကျွန်းမှာက ဒလန်အသတ်ခံရလို့ စစ်တပ်က ဖမ်းပြီဆိုရင် ပိုက်ဆံရှိတဲ့ လူတွေကိုပဲ ရွေးဖမ်းခံရတာ၊။ ပိုက်ဆံတောင်းပြီး ပြန်လွှတ်တယ်။သတင်းပေးသေတာ သူတို့စိတ်မဝင်စားဘူး။ ငွေရဖို့ပဲ စိတ်ဝင်စားကြတာ။အခုလည်း ဖမ်းထားပြန်ပြီ။ ဘယ်လောက်တောင်းဦးမယ် မသိဘူး"ဟု ယင်း ဒေသခံတစ်ဦးကပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်ကျွန်းမြို့တွင်စစ်ကောင်စီသတင်းပေး ခြောက်ဦးထက်မနည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ထိုသတင်းပေးများအသတ်ခံရစဥ်ကလည်းဒေသခံပြည်သူများကို စစ်ကောင်စီတပ်များနှင့်ရဲများက ဖမ်းဆီးကာ ငွေကြေးတောင်းယူမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
"အရင်တုန်းကလည်း ဒလန်တစ်ယောက် အသတ်ခံရင် လူ၄၀ ၊ ၅၀ လောက်ဖမ်းတယ်။ တချို့ဆိုရင် သိန်းကို ရာနဲ့ချီပြီးပေးမှ ပြန်လွတ်တယ်။ စစ်တပ်နဲ့ ရဲတွေက ဒလန်သေရင် ပြည်သူကို ဖမ်းပြီး ငွေညှစ်ရမယ်ဆိုပြီး ပျော်နေကြတာပါ"ဟု မော်လမြိုင်ကျွန်းမြို့ခံကဆက်လက်ပြောသည်။
ဦးကျော်တင့်ဦး အသတ်ခံရမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ဒေသခံ(၁၄) ဦးကို မော်လမြိုင်ကျွန်း မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့မတ်လ ၂ရက်အထိ မိသားစုဝင်များနှင့်တွေ့ခွင့်မရသေးကြောင်း ဒေသခံများကပြောသည်။
ဦးကျော်တင့်ဦးသည် ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ သေဆုံးခဲ့သည်။ ၎င်းသည် အသက် ၆၁နှစ်အရွယ်ရှ်ိပြီး မော်လမြိုင်ကျွန်းမြို့မဘသ ဥက္ကဌတာဝန်အပြင် စစ်ကောင်စီကဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်တဦးလည်းဖြစ်သည်။ စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူများနှင့်တော်လှန်ရေးအင်အားစုများအား ဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသခံများကပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်ကလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။ ယခုအခါ နောက်တကြိမ်ထပ်မံပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။
ဦးကျော်တင့်ဦး ပစ်ခတ်ခံရမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့်ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် ဘိုကလေး လင်းပိုင် PDF အဖွဲ့တို့က ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး