ကုက္ကိုစုတပ်စခန်းအား ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေ

By ဂျူနို
23 February 2023
ကုက္ကိုစုတပ်စခန်းအား ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချ ရာတပ်စခန်းအား ဒေသခံကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်းသိရသည်။
“ တိုက်ပွဲက သုံးနာရီကျော်ကြာပါတယ်။ ကျွန်တော်တို့က ရန်သူအထိနာအောင်တိုက်ခိုက်ခဲ့ကြသလို စခန်းသိမ်းဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီဘက်က Mi35 ရဟတ်ယာဥ်တစ်စီး စစ်ကူရောက်လာပြီး ၁၀ မိနစ်ကြာ ပစ်ခတ်ခံရတာမို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး( PRF) ၊ ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ရဲဘော်လွန်းညီက မဇ္ဈိမကို ပြောသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီး‌သေဆုံးမှုကို မျက်မြင်တွေ့ရှိခဲ့ရပြီး ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း PRF က သတင်းထုတ်ပြန်ထားသည်။ ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ လည်း ရဲဘော်နှစ်ဦး ပြောင်းကွဲဒဏ်ရာနှင့် မိုင်းစထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ခန့်မှန်းအင်အား ၅၀ ဝန်းကျင်ရှိသည့် အဆိုပါတပ်စခန်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူ လှုပ်ရှား စစ်ဒေသ) ရဲဘော်များအပါအဝင် ပခုက္ကူတပ်ရင်း (၁၆)၊ ခွဲ  (၂) ဗိုလ်မီးခဲအဖွဲ့၊ PPDF ၊ MUGDF ၊ M7 ၊ God of Myaing အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စုမှ ပြည်သူလူထုကိုနည်းမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့်သတ်ဖြတ်မှုများ၊ ပြည်သူ့များ၏ နေအိမ်စားနပ်ရိက္ခာ မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏပြုလုပ်လေ့ရှိ၍ စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင် ရေး တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူလှုပ်ရှားစစ်ဒေသ) Pakokku Revolution Front က အသိပေးထားသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူလှုပ်ရှားစစ်ဒေသ) မှာ ၂၀၂၁ ခုနှစ် မေလတွင် ရှမ်းမြောက်ဒေသ၌ စစ်ရေးလေ့ကျင့်မှုသင်တန်းများကို သင်ယူခဲ့ပြီး ဇူလိုင်လတွင် Pakokku Revolution Front အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကာ စက်တင်ဘာလတွင်သင်တန်းဆင်းပြီးနောက် စစ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင် ခဲ့ ခြင်းဖြစ်သည်။ 
ယခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အဖွဲ့အစည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်မည်ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှု အနေဖြင့် လာမည့် အောက်တိုဘာလတွင် နှစ်နှစ်ပြည့်မည်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ဆိုသည်။ 
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်ဖွဲ့နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly