ပြုပြင်ထားသောပုံများဖြင့် ဒေါက်တာဇော်ဝေစိုးအား တိုက်ခိုက်ပြန် 

By ဂျူချန်း
16 February 2023
ပြုပြင်ထားသောပုံများဖြင့် ဒေါက်တာဇော်ဝေစိုးအား တိုက်ခိုက်ပြန် 

မဇ္ဈိမ။    ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးနှင့်ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက် တာဇော်ဝေစိုးအား တော်လှန်ရေးနှစ်နှစ်ပြည့် ဆန္ဒပြပွဲမှပုံများဖြင့် ပရီးမီးယားလိဂ်ကြည့်နေသည်ဆိုသော သတင်းမှား ဖြန့်ဝေနေကြသည်။

“Sayar Thet” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တစ်ခုမှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် “တောထဲက ကလေး တွေမှ အားမနာကွာ တော်လှန်ရေးကြီးမအောင်သေးဘူး မင်းတို့က Premier League ကြည့်နေကြပါလား လိပ်ပြာလုံပါစေ တောထဲကငပိန်းလေးတွေအတွက်တော့ so sad” ဟု ဒေါက်တာဇော်ဝေစိုးနှင့် အမျိုး သားတစ်ဦး၏ဓါတ်ပုံကို ဖြန့်ဝေထားသည်။ ထို့ပိုစ့်ကို ဖြန့်ဝေသူ ၁၀၀ ကျော်နေပြီး အခြားအကောင့်များမှ လည်း ပြန်လည်ကူးယူဖော်ပြမှုများ ရှိနေသည်။ 
ထို့ပြင် တယ်လီဂရမ်ချန်နယ်ကိုးခုတွင်လည်းဖြန့်ဝေထားပြီး ကြည့်ရှုသူ ၈၂,၀၀၀ ကျော်နေပြီဖြစ်သည်။

မဇ္ဈိမ အချက်အလက်စစ်ဆေးသူများမှ အဆိုပါဓာတ်ပုံများအားစစ်ဆေးခဲ့ရာ လန်ဒန်မြို့၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ကပြုလုပ်ခဲ့သည့် နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့် ဆန္ဒပြပွဲမှဓာတ်ပုံများဖြစ်ကြောင်း တွေ့ရ သည်။ ထိုအကြောင်းကို ဒေါက်တာဇော်ဝေစိုး၏အကောင့်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖော်ပြထား သည်။ လင့် http://bit.ly/3xvTMhm

သတင်းတုတွင် အသုံးပြုထားသည့်ပုံမှာ ဆန္ဒပြပွဲတွင် ဒေါက်တာဇော်ဝေစိုးနှင့် အမျိုးသားတစ်ဦး လက် ချိတ်ထားသည့်ပုံဖြစ်ပြီး ၎င်းတို့၏ နောက်ခံအဆောက်အဦးများ တူညီကြသည်။ သို့သော် ထိုသူနှစ်ဦး ဝတ် ဆင်ထားသည့်အင်္ကျီတွင် ဘောလုံးအသင်းအမှတ်တံဆိပ်များကို ထင်ထင်ရှားရှား ပြုပြင်ထည့်ထားခြင်း ဖြစ်သည်။ 

ထို့ပြင် သတင်းတုတွင် အသုံးပြုထားသောပထမပုံကို နောက်ခံနှင့် လူအနေအထား အပြောင်းအလဲလုပ် ကာ ဘောလုံးကွင်းနောက်ခံအဖြစ် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။ 

NUG မှ ဝန်ကြီးများ တော်လှန်ရေးအား မျက်ကွယ်ပြုကာ အပျော်အပါးများသာ ပြုလုပ်နေကြသယောင် စစ်ကောင်စီထောက်ခံသူများက မကြာခဏ ပုံဖျက်တိုက်ခိုက်လျက်ရှိရာ ယခင်ကလည်း Min Din ဆိုသည့် ချန်နယ်မှ “နွေဦးတော်လှန်ရေး ကျဆုံးကြောင်း ဒေါက်တာဇော်ဝေစိုး ဝန်ခံသည်” ဆိုသည့် ဖြတ်ညှပ်ကပ် ဗီဒီယိုဖိုင်တစ်ခုဖြင့် တိုက်ခိုက်မှုရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း အမျိုးမျိုးသော ဖြတ်ညှပ်ကပ် ဗီဒီယိုဖိုင်များ၊ ဓါတ်ပုံများဖြင့် တိုက်ခိုက်လျက်ရှိသည်။ 

ထို့ကြောင့် ဒေါက်တာဇော်ဝေစိုး  ပရီးမီးယားလိဂ်ဘောလုံးပွဲ သွားရောက်ကြည့်ရှုသည့်ပုံများမှာ အမှန် တကယ်မဟုတ်ဘဲ ပြုပြင်ဖန်တီးထားသည့်ပုံများဖြင့် တော်လှန်ရေးပုံရိပ်ကျဆင်းစေရန် တိုက်ခိုက်ထား သည့် သတင်းအမှားတစ်ပုဒ်သာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly