မြေပြင်တွင် အမှန်တကယ်မရှိသည့် မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့

By ဂျူချန်း
09 February 2023
မြေပြင်တွင် အမှန်တကယ်မရှိသည့် မြေအောက်လျှပ်စီး ပြောက်ကျားတပ်ဖွဲ့

မဇ္ဈိမ။  ။စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော်၊ မြင်းမူ၊ ဝက်လက်၊ ရွှေဘိုနှင့် ဆားတောင်စသည့် မြို့နယ် များတွင် ဗိုလ်မုန်တိုင်းဦးဆောင်သည့် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ဟုဆိုကာ ပုံအတုများဖြင့် တိုက်ပွဲဖြစ်စဉ်၊ သတင်းများဖန်တီးကာ ဖော်ပြလျက်ရှိနေသည်။ 

မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့အမည်ဖြင့် ဖေ့စ်ဘုတ်ပေ့ချ်နှစ်ခုရှိခဲ့ပြီး တစ်ခုမှာ People’s Defence Force PPDF ဆိုသည့်အမည်ဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင့် ဖွင့်ခဲ့သည့်ပေ့ချ် အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ဟု အမည်ပြောင်း ကာ ဆေးတပ်သားမဆုမွန်ထက် ကျဆုံးခဲ့သည်ဆိုသည့်ပုံများ စတင်ဖြန့်ဝေခဲ့သည်။ အခြားပေ့ချ်တစ်ခုမှာ ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုပေ့ချ်မှာ ပျက်သွားပြီဖြစ် သည်။ 

မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့မှ ၎င်း၏ပေ့ချ်တွင် ဆေးတပ်သားမဆုမွန်ထက် ကျဆုံးခဲ့သည်ဟု ဖော်ပြခဲ့ပြီး အမျိုးသမီးငယ်ပုံများနှင့်အတူ ကျည်ဆံရာများရှိနေသည့် ကားပုံကိုပါဖော်ပြခဲ့သည်။ ယခု ထို ပေ့ချ်မရှိတော့သော်လည်း ကူးယူဖော်ပြသည့် ပိုစ့်များရှိနေဆဲပင်ဖြစ်သည်။ ထိုပိုစ့်ရှိ အမျိုးသမီးတစ်ဦး လဲကျနေသည့် ပုံမှာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖိလစ်ပိုင်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်မှ ပုံဖြစ်သည်။ လင့် - t.ly/n9T9

ထပ်မံ၍  ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဆားတောင်မြို့ပေါ်ရှိ လောင်းကစားဝိုင်းအား ပစ်ခတ်ခဲ့သည့်ဖြစ် စဉ်ဟုဖော်ပြခဲ့သည့် ကျည်ပေါက်ရာများနှင့် ကားတစ်စီးမှာ ဖိလစ်ပိုင်နိုင်ငံ မဂင်းဒနွိုင်းမြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က အမည်မသိလူတစ်စုမှ Mayor Vic Samama ပိုင်သည့်ကားအား ပစ်ခတ် ခဲ့သည့်ဖြစ်စဉ်မှ ပုံဖြစ်သည်။ လင့် - t.ly/_y3m

တဖန် ဖေဖော်ဝါရီ ၄ ရက်နေ့က အဆိုပါပေ့ချ်မှဖြန့်ဝေထားခဲ့သော စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာရှိ စစ်ကောင်စီစခန်းမီးရှို့ခံရပြီး ထွက်ပြေးလာသူကို အသုံးအဆောင်များနှင့်အတူ ဖမ်းမိသည်ဟုဆိုကာ ပို့စ်တစ်ခု တင်ထားသည်။ ထိုပိုစ့်တွင် သိမ်းဆည်းရမိပစ္စည်းများအဖြစ် ဖော်ပြထား သောပုံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံ ပြည်နယ်တစ်ခုတွင် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်မှ ပုံဖြစ်သည်။ လင့် - t.ly/3RRh

ထိုအဖွဲ့ပေ့ချ်ကို မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အဆိုပါ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်း ဖြစ်စဉ်သတင်းများ ကိုဖော်ပြနေသည့် “စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး”ပေ့ချ်မှ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် “သတင်း မီဒီယာများနှင့် ပြည်သူများသို့ အသိပေးသတိပေးချက်” ဟုဆိုကာ ပုံအတုများသုံး၍ မြေပြင်တွင် အမှန် တကယ်မရှိသောဖြစ်စဉ်များဖြင့် ပုံဖော်လိမ်ညာနေသည့်အဖွဲ့ဖြစ်ကြာင်းဖော်ပြထားသည်။ လင့် - t.ly/z7Fu

RFA သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အဆိုပါ လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့မှဗိုလ်မုန်တိုင်းနှင့် အမေးအဖြေပြုလုပ်ထားခဲ့သည်။
ဗိုလ်မုန်တိုင်း၏စကားများအရ အဖွဲ့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ခန့်က တပ်သား ၁၂ ဦးဖြင့် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် အင်အား ၈၀ ကျော် ၁၀၀ ခန့်ရှိနေပြီ ဖြစ်သည်။ စစ်ကောင်စီနှင့် တိုက်ပွဲ ပေါင်း ၈၀ ကျော်ဖော်ဆောင်ခဲ့ကာ တပ်သား ၁၅၀ ခန့် ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့ဘက်မှ ရှစ်ဦးကျဆုံးခဲ့သည် ဟု ဆိုထားသည်။ လင့် - t.ly/3Agq 

ထိုအဖွဲ့နှင့်ပတ်သက်၍ ဆားတောင်တော်လှန်ရေးတပ် - Sadaung Revolution Army မှ ခေါင်းဆောင်ကို မဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့သည်။ 
“ဆားတောင်နဲ့ ထိစပ်နယ်မြေက မြို့တွေအားလုံး ဒီကိစ္စကို ဝိုင်းလိုက်ကြတာ။ သူတို့ ၅ ရက်နေ့က လုပ်ခဲ့ တဲ့ မစ်ရှင်တွေဆိုတာ ဆားတောင်မှာ တကယ်မဖြစ်ခဲ့ဘူးဗျ။ တစ်ဦးတစ်ဖွဲ့တည်းကလိုက်တာမဟုတ်ဘူး၊ မဟာမိတ်တပ်ပေါင်းစုအကုန်လုံး လိုက်ကြတာ။ ဒါကမှားနေတယ်လို့ အားလုံးကသုံးသပ်တယ်။ ဆား တောင်မြို့မှာ ၅ ရက်နေ့က အဲ့ဒီပြဿနာ လုံးဝမဖြစ်ခဲ့ဘူးဗျ။ ဆားတောင်မြို့ပေါ်မှာရော ရပ်ကွက်တွေ မှာရော အားလုံးကို ကျနော်တို့စုံစမ်းတယ်။ ရပ်ကွက်တိုင်းကို စုံစမ်းတယ် မရှိခဲ့ဘူး” ဟု ဆိုသည်။

၎င်းအနေဖြင့် ထိုအမည်မျိုးမကြားဖူးကြောင်းနှင့် တပ်ဖွဲ့အင်အား ၈၀ ကျော် ၁၀၀ ခန့်ရှိသည့်အကြောင်း နှင့်ပတ်သက်၍  “အဲ့ဒီလောက်အင်အားကြီးနဲ့ run နေတဲ့အဖွဲ့ဆို ကျနော်တို့သိကိုသိရမယ်။ ကျနော့်အဖွဲ့ မသိရင်တောင် အခြားအဖွဲ့ချိတ်ဆက်မှုတွေနဲ့ သိရမယ်ဗျ။ ဘာလို့လဲဆိုတော့ တော်လှန်ရေးသမားတွေက အချင်းချင်းချိတ်ဆက်ပြီးသွားကြတာ များတယ်လေ။ ခုသူ့ရဲ့အဖွဲ့က အင်အား ၅၀ အထက်ရှိတယ်ဆို ဘယ်လောက် သိုသိပ်ပါတယ်ပြောပြော အဖွဲ့တစ်ခုခုနဲ့ ချိတ်ဆက်မိနေရမယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။

ရည်ရွယ်ချက်တစ်ခုခုဖြင့် လှုပ်ရှားနေသည့်အဖွဲ့ဖြစ်ပါက အလွန်အန္တရာယ်ရှိကြောင်းနှင့် သတင်းဌာနများ အားလည်း ဒေသခံကာကွယ်ရေးအဖွဲ့ သို့မဟုတ် နယ်မြေခံ ပ.အ.ဖ၊ ပ.လ.ဖ များနှင့် ဆက်သွယ်မေးမြန်း ပြီးမှသာ သတင်းဖော်ပြကြရန် အကြံပေးချင်ကြောင်း ဆိုသည်။ 

ဖေဖော်ဝါရီ ၅ ရက်နေ့ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆားတောင်ဒေသခံတစ်ဦးမှလည်း နေ့လယ် ၁၂ နာရီတွင် ရော ညနေ ၅ နာရီတွင်ပါ မည်သည့်ပစ်ခတ်သံမှ မကြားမိကြောင်း လည်းဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေးတပ်များသို့ သတင်းပေးနေသူတစ်ဦးကလည်း မြို့နယ် အတွင်း လှုပ်ရှားမှုပြုလုပ်ခြင်း၊ သွားလာခြင်းများတွင် တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်ရသောကြောင့် မြေပြင် တိုင်းတွင် အချိတ်ဆက်များရှိပြီး ထို မြေအောက်လျှပ်စီးအဖွဲ့ကိုမူ မည်သူမျှ မသိကြကြောင်း ဆိုသည်။ 

ထပ်မံ၍ “ဆယ်ဂဏန်းလောက်ရှိတဲ့အဖွဲ့တစ်ခုက ဘယ်ရွာမှာမှလည်း အခြေစိုက်တာမရှိဘူးလို့ သိရတယ် ဆိုတော့ အတုမှန်းသိလိုက်ရတယ်။ ပြီးတော့ ဒီဖြစ်ရပ်မျိုးက ဒီတစ်ခုတည်းမဟုတ်ဘူး။ ရှေ့မှာလည်း နဂါးညီနောင်အဖွဲ့ဆိုပြီးတော့ ပခုက္ကူမှာ တစ်ခါဖြစ်ခဲ့သေးတယ်။ သူတို့က PDF တွေရဲ့ သဘောသဘာဝ ကို နားလည်နေတော့ PDF ကနေထွက်သွားတဲ့သူတွေ ဖြစ်ကောင်းဖြစ်နိုင်သလို သတင်းမီဒီယာကို တကယ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ထားတဲ့သူတွေ ဖြစ်နိုင်တယ်။ သူတို့တွေက အလှုငွေတွေလိုချင်လို့ လုပ်တာဖြစ်နိုင်သလို PDF တွေ သို့မဟုတ် သတင်းထောက်တွေရဲ့ အချက်အလက်တွေကိုလိုချင်လို့ ခုလို လုပ်တာဖြစ်နိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ပခုက္ကူမှာလည်း လေးငါးလလောက် စနစ်တကျနဲ့ လုပ်လာပြီး အလှူငွေ သိန်းလေးငါးရာလောက်ထိ ရသွားတဲ့ အဖွဲ့တွေလည်း ရှိခဲ့တယ်” ဟုဆိုသည်။
 
“တိုက်ပွဲတစ်ပွဲဖြစ်ပြီဆိုရင် အသံကအကျယ်ကြီးထွက်တယ်။ အနည်းဆုံး ရွာစဉ်သုံးလေးရွာက ကြားရ တယ်။ တိုက်ပွဲတစ်ခုဖြစ်တာ တိုးတိုးတိတ်တိတ် ဖြစ်လို့မရဘူး။ ခုတော့ အဲဒီပတ်ဝန်းကျင်က ဘယ်သူမှ လည်း မသိရဘူး” ဟုလည်းဆိုသည်။

မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့အင်အားနှင့်ပတ်သက်၍ “အင်အား ၈၀ ၊ ၁၀၀ ဆိုတာက ကျနော် တို့ ခရိုင်ခွဲတစ်ခုစာလောက်ရှိတယ်။ အဲ့ဒီအဖွဲ့က အဲ့ဒီနေရာမှာ နေမယ်ဆိုရင် ဒီလောက်ထိ လူမသိနေစရာ အကြောင်းမရှိဘူး” ဟုဆိုသည်။ 

သတင်းဌာနများမှလည်း ထိုအဖွဲ့မြေပြင်တွင် လှုပ်ရှားမှုမရှိကြောင်းကို ဖော်ပြထားသည်။ မြေအောက် လျှပ်စီး‌ပြောက်ကျားတပ်ဖွဲ့သည် အမှန်တကယ်မရှိပဲ ပေ့ချ်အတုများဖြင့် မစ်ရှင်အတုဖန်တီးနေကြောင်း ကိုလည်း DVB, ခေတ်သစ်, The Nation Voice နှင့် Mandalay Free Press တို့မှလည်း ဆိုထားသည်။ လင့် - t.ly/sjgb , t.ly/O25A , t.ly/Y7_O , t.ly/wwaR

အစောပိုင်းတွင် ထိုအဖွဲ့၏ လှုပ်ရှားမှုများကို ဖော်ပြခဲ့သော Buram VJ, Delta News Agency နှင့် BBC တို့မှလည်း အမှားပြင်ဆင်ချက်အဖြစ် ပြန်လည်ဖော်ပြခဲ့သည်။ လင့် - t.ly/3wZ2 , bit.ly/40Gg11w , bit.ly/3YwzqjE

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly