ဘယ်လို ဆိုင်းငံ့မလဲ

ဘယ်လို ဆိုင်းငံ့မလဲ

သိပ်မကြာသေးခင်က EU သံအမတ်က ပြောသတဲ့၊ ထူးအိမ်သင် သီချင်းလို အရင်အတိုင်းပါ ခင်ဗျာ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီတဲ့။ လွန်ခဲ့တဲ့ လေးငါးနှစ်ကလည်း ဒီလိုပဲ ပြောခဲ့ကြတာပဲ။ တစ်ခါ South China Morning Post သတင်းစာကလည်း ထိုင်းနဲ့ မြန်မာ စစ်တပ်တွေဟာ ဆန့်ကျင်ဘက် လမ်းကြောင်းတွေကို သွားနေတယ်ဆိုတဲ့ ဆောင်းပါး ဖော်ပြ တယ်။ ဆောင်းပါးဆိုလိုရင်းက မြန်မာစစ်တပ်က ဒီမိုကရေစီဘက်ကို လျှောက်လှမ်းနေပြီး ထိုင်းစစ်တပ်က ဒီမိုကရေစီနဲ့ ဝေးရာ၊ ရွေးကောက်ပွဲနဲ့ ဝေးရာကို သွားနေသတဲ့။

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းက ကိုယ်စားလှယ်တွေ နှုတ်ဆက်ပွဲမှာ ကကြခုန်ကြ ပျော်ပါး မြူးတူးကြတာကို ဒီလိုမြင်ကွင်းမျိုး စစ်အစိုး ရတွေ လက်အောက်မှာ မြင်တွေ့ရဖို့ မလွယ်ဘူးလို့ နိုင်ငံခြား သား ဆောင်းပါးရှင်က ဆိုပါတယ်။ အင်္ဂလန်ရဲတပ်ဖွဲ့ကြီးကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကို လူသားဆန်ပြီး ခေတ်မှီတဲ့ ရဲအဖွဲ့ကြီးဖြစ်အောင် လေးကျင့်ပေးဦးမှာတဲ့။ (အရင်နှစ်တွေတုန်းကတော့ EU က တာဝန်ယူ လေ့ကျင့်ပေးခဲ့ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့နဲ့ လက်ပံတန်းမှာ စွမ်းစွမ်းတမံ လက်စွမ်းပြခဲ့ကြပြီးပါပြီ)။ တရုတ်ကလည်း ရဲအထောက်အကူပြု ပစ္စည်းတွေ အတော်လှူတာ တွေ့ရဲ့။

ဗမာပြည်မှာ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ ထွန်းကားသထက် ထွန်းကားအောင် အားပေးနေတဲ့ နိုင်ငံတကာရဲ့ သဘောထားတွေက အဲသလိုပါ။ ဗမာပြည်ထဲက အခြေအနေကတော့ ဗမာတွေ အသိဆုံးပါ။ News Watငh ဂျာနယ်မှာ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ နေပြည်တော် ရောက် လွှတ်တော်ကိုယ်စာလှယ်တစ်ဦးက ခုလို ပြောပါတယ်တဲ့။ "အခု ဒီမှာ ကြားနေတဲ့အတိုင်းပဲ၊ အပေးအယူတော့ လုပ်ရမယ်။ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ အပေးအယူလုပ်ရမယ်။ တပ်ကတောင်းတဲ့ လူတွေ NLD က လိုက်လျောရင် ၅၉(စ)ဆိုင်းငံ့ရေးကို ပြည်ခိုင်ဖြိုးက ထောက်ခံပြီး ပြီ။ ပြည်ခိုင်ဖြိုးက သဘောထားကြီးပြတယ်။ တပ်ပဲလိုတော့တာ၊ တပ်က သူတို့လိုချင်တာတွေ ရှိမှာ ပေါ့။ ဒါလည်း ပထမပိုင်းက ညှိနေတယ်။ သိပ်တော့ မပြေလည်သေးဘူး။ အခုကျတော့ ဒီအပေးအယူ အဆင်ပြေဖို့ အုပ်ချုပ်ရေးပိုင်းမှာ တစ်ချို့ကိစ္စတွေ ညှိနေရတယ်"။

အော် ..... ဒါကြောင့် မောင်မှန်တို့က အစိုးရအဖွဲ့သစ်စာရင်းကို ဒီဇင်ဘာမှာ လာမလား၊ ဇန်နဝါ ရီမှာ လာမလား၊ ဖေဖော်ဝါရီမှာ လာမလားဆိုပြီး သန်းမြတ်စိုးသီချင်းလို မျှော်နေရတာကိုး။ သဘောပေါက်ပြီ၊ သဘောပေါက်ပြီ။ သမ္မတ ဘယ်သူဖြစ်မလဲဆိုတာလည်း မျှော်တော်ဇောနဲ့ မမောတော့ဘူး။ အမောမခံတော့ဘူး။ အချိန်တန်ရင် သိမှာပဲ။ မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောဘူူးဆိုတဲ့ကိန်း ဆိုက်နေပြီ။ တကယ်မောရတဲ့ ကိစ္စက ဘယ်သူ သမ္မတ ဖြစ်မှာတွေ၊ လွှတ်တော်ဥက္ကဋ္ဌသစ် သတင်း တွေ၊ အစိုးရအဖွဲ့သစ် စာရင်းတွေ မဟုတ်ဘူး၊ ၂၀၀၈ အခြေခံ ဥပဒေ ကိစ္စပဲ။

အထက်မှာ တင်ပြခဲ့တဲ့ ဘယ်ပါတီကမှန်းမသိတဲ့ နေပြည်တော်ရောက် လွှတ်တော်ကိုယ်စား လှယ်ကြီးရဲ့ စကားအရဆို အပေးအယူတွေ လုပ်နေကြတယ်ပေါ့နော်။ ရခိုင်၊ ရှမ်း၊ ကချင်၊ ရန်ကုန် တိုင်းဝန်ကြီး ချုပ်တွေနဲ့ ၅၉(စ) ဆိုင်းငံ့ရေးကို အလဲအထပ် လုပ်နေကြတယ်ပေါ့နော်။ ဈေးမတည့် သေးဘူးပေါ့နော်။ အပြောတော့ အပြောပေါ့နော်။ နိုင်ငံရေးဆိုတာကြီးကလည်း ရှုပ်ထွေးပါလား ပေါ့နော်။ ပြောင်းလဲချိန် တန်ပြီဆိုတာရော ဟုတ်ရောဟုတ်ရဲ့လားပေါ့နော်။ ၅၉(စ)ကလွဲပြီး ၂၀၀၈ အခြေခံဥပဒေတစ်ရပ်လုံး ပြင်ဖို့ဆိုတာလည်း သိပ်မကြားရတော့ဘူးပေါ့နော်။

ဖေဖော်ဝါရီ ၃ ရက်နေ့မှာ RFA ရေဒီယိုက ထုတ်လွှင့်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် အင်တာဗျူးကို ကြည့်ကြရအောင်ပါ။ RFA က "အခုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ဖို့ အတွက် NLDက ပြောနေတာတွေ ရှိပါတယ်။ တကယ်လို့ အဲဒီ့ပုဒ်မကို ဆိုင်းငံ့ဖို့ လုပ်မယ်ဆိုရင် ဘာတွေများ ဖြစ်လာမလဲ"လို့ မေးပါတယ်။ ဒါကို ဦးရဲထွဋ်က "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ဥပဒေပါ။ အဲဒီ့ဖွဲ့စည်းပုံကို ပြင်မယ်၊ ပြောင်းလဲမယ်ဆိုရင် ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ လုပ်ငန်းအဆင့်ဆင့်အတိုင်း လုပ်မယ်ဆိုရင် အကောင်းဆုံး ဖြစ်မှာပါ။ ကိုယ်ဘာ သာကိုယ် လိုရာဆွဲပြင် မယ်ဆိုရင်တော့ ထွက်ပေါ်လာမယ့် အကျိုးဆက်တွေက နိုင်ငံနဲ့ ပြည်သူတွေ အတွက် ကောင်းမှာ မဟုတ်ပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ လွှတ်တော်အစည်းအဝေးအပြီး တပ်မတော်သား ကိုယ်စာလှယ် အစုအ ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်တောက်ထွန်းကလည်း မီဒီယာတွေကို ခုလို ပြောကြားသွားပါတယ်။ "ကျနော် တို့ကလည်း နိုင်ငံတော် ကောင်းဖို့အတွက်ဆိုရင်တော့ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၅၉(စ)ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပဒေအတိုင်းသာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" တဲ့။ ရှင်းရှင်းလင်းလင်းပါပဲ။ ၂၀၀၈ အခြေခံဥပဒေ ပါ ၅၉(စ)ကို ပြင်ဖို့ (ဆိုင်းငံ့ဖို့)ကို ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမယ်တဲ့။

ဒီမှာတင် အခုတလော လူပြောတော်တော် နည်းသွားတဲ့ ၄၃၆ ကို ပြန်ရောက်သွားတယ်။ တိတိကျကျ ပြောရရင် ပုဒ်မ ၄၃၆(က)၊ အဲဒီပုဒ်မက အခန်း(၃)က ပုဒ်မ ၅၉ တို့ ၆၀ တို့ကို ပြင်ချင်ရင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် မဲရရှိမှသာ ပြင်ဆင်နိုင်မယ်လို့ အတိအလင် ဆိုထားတယ်။ ဒါလည်း အားလုံးသိပြီးသားပါ။ တိုင်ပြန်ပြန်ပတ်နေရတာ ပျင်းစရာကြီး။ လေးသုံးခြောက်ကို အဝေးဆုံးရောက်အောင် ဘာလုပ်လိုက်မယ်တို့ ညာလုပ်လိုက်မယ်တို့ စတဲ့ အသံတွေ ပြန်ညံလာ ရဦးမယ် ထင်တယ်။

ပါတီမသိ၊ အမည်မဖော်လိုသူ နေပြည်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်ကြီးကသာ ၅၉(စ)ဆိုင်းငံ့ရေးကို ပြည်ခိုင်ဖြိုးက ထောက်ခံပြီးပြီလို့ ပြောနေတာ၊ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စား လှယ် တစ်ဦးဖြစ်တဲ့ ဦးသိန်းဆွေကကျ အခုလို ပြောပြန်တယ်။ "ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ သွားရမယ်။ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘယ်လို ဆိုထားသလဲဆိုတာ အသေးစိတ် မလေ့လာ ရသေးဘူး။ ဒါက အမှန်အတိုင်း ဝန်ခံတာ၊ ဒါက လုပ်နိုင်တဲ့ ကိစ္စလား၊ မလုပ်နိုင်တဲ့ ကိစ္စလား၊ အန်ကယ်က ဥပဒေ ပညာရှင် မဟုတ်ဘူး။ သေချာပြန်လေ့လာပြီး တိုင်ပင်ပြီးမှ အဆုံးအဖြတ်ပေး ရမယ်။

သင့် မသင့် ဆုံးဖြတ်ရမယ်" တဲ့။ ပုဂ္ဂလိက သဘောထားလား ပါတီသဘောထားလား၊ ဘာမှန်းတော့ မသေချာဘူး။ ဒါပေမဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တစ်ယောက်က ၅၉(စ) ဆိုင်းငံ့ဖို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောထား ရှိတာကတော့ သေချာတယ်။ (ဦးသိန်းဆွေက ဖွဲ့စည်းပုံကို အသေးစိတ် လေ့လာရဦးမယ် ဆိုတယ်။ အချိန်ကုန်ပါတယ်။ ဒီဆောင်းပါး ကို ဖတ်လိုက်ရင် ရှင်းသွားမှာပါ။ ဆရာလုပ်တာ မဟုတ်ပါဘူးနော်၊ ၂၀၀၈ကတော့ ၂၀၀၈ အတိုင်းပဲ၊ ၂၀၀၈ ထဲက ၂၀၀၈ နှုတ်မရဆိုတဲ့ ဆောင်းပါး မောင်မှန်ရေးခဲ့ဖူးပါတယ် ခင်ဗျာ။)

ဒါပေမဲ့ မျှော်လင့်ချက်တော့ မကုန်သေးပါဘူး။ မောင်မှန့်အတွက် ပြောတာ မဟုတ်ဘူး၊ မျှော်လင့်သူတွေအတွက် ပြောတာပါ။ တပ်နဲ့ ညှိလို့ရရင် အပေးအယူ အလဲအထပ် လုပ်လို့ အဆင်ပြေ သွားရင်တော့ ၅၉(စ)ဟာ အော်တို ဆိုင်းငံ့သွားနိုင်စရာတော့ ရှိပါသေးတယ်။ အဲဒါကိုက ဘာကို ဖော်ပြသလဲဆိုတော့ စစ်အာဏာရှင်စနစ်ဟာ ပျော်ပျော်ပါးပါး မော်မော်ကြွားကြွား ရှိနေဆဲဆိုတာ ဖော်ပြပါတယ်ခင်ဗျာ။ ဒါကြောင့် မောင်မှန့်အတွက် ပြောတာ မဟုတ်ဘူးလို့ ပြောတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required