နိုင်ငံရေး အတွေ့အကြံုများကို အနုပညာဖြင့် NLD အမတ်လောင်း တင်ဆက်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ်လောင်း ဦးရည်မွန်(ခ)မောင်တင်သစ်သည် သူ၏ နိုင်ငံရေးမိတ်ဆွေများကိုဖိတ်ကြားပြီး “Art for Democracy” ဟု အမည်ပေးထားသည့် နိုင်ငံရေး အနုပညာတင်ဆက်မှုများကို စက်တင်ဘာ ၂၆ရက်က ကျည်တောင်ကန်ကျေးရွာရှိ ပုဗ္ဗသီရိမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။ 
အဆိုပါ အနုပညာတင်ဆက်ပွဲတွင် ဦးရည်မွန်(ခ)မောင်တင်သစ်၏ မိတ်ဆွေများဖြစ်သော ဦးသိန်းတန်၊ ဦးရွှေထူး၊ ပန်ချီထိန်လင်း၊ ရာကျော်၊ ဘုန်းသက်ပိုင်နှင့် မောင်နန်းဝေ(ဗန်းမော်)တို့ တက်ရောက်ကာ ထောင်တွင်းအတွေ့အကြုံများရှင်းပြကြပြီး ထောင်တွင်းရေးစပ်ခဲ့သည့် ကဗျာများနှင့်သီချင်းများကို ရွတ်ဆိုခဲ့ကြသည်။ ဦးရည်မွန်(ခ)မောင်တင်သစ်သည် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် အကျဉ်းချခံရကာ ထိုစဉ် စစ်အစိုးရက ဆေးတက္ကသိုလ်မှ ရာသက်ပန်ထုတ်ပယ်ခဲ့သည့် ဆေးကျောင်းသား တစ်ဦးလည်းဖြစ်သည်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)