ဖေဖေါ်ဝါရီ ၂၁
သက်တော် ၉၅ နှစ် ရှိပြီဖြစ်သည့် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်သည် COVID-19 ကူးစက်ခံထားရကြောင်း၊ သို့သော် မပြင်းထန်သည့် ရောဂါလက္ခဏာများသာ ပြကြောင်း ဖေဖေါ်ဝါရီ ၂၀ ရက်က ဘက်ကင်ဟမ်နန်းတော်က သတင်းထုတ်ပြန်သည်။
ယင်းအတွက်ကြောင့် ဘုရင်မကြီးသည် သူမ၏ ဝင်ဆာရဲတိုက်တွင် ပုံမှန် ပေါ့ပေါ့ပါးပါး တာဝန်များကို ဆက်လက် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဗြိတိန်ဘုရင်မကြီး၏ အကြီးဆုံးသားတော်ဖြစ်သလို ဘုရင်မကြီး၏ အရိုက်အရာကို ဆက်ခံမည့်သူလည်းဖြစ်သည့် ချားလ်မင်းသားသည် မယ်တော် ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့ပြီး နှစ်ရက်အကြာတွင် COVID-19 ကူးစက်ခံရကြောင်း ဖေဖေါ်ဝါရီ ၁၀ ရက်က သတင်းထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ဗြိတိန်ဘုရင်မကြီး COVID-19 ကူးစက်ခံရသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ချားလ်မင်းသား COVID-19 ကူးစက်ခံရပြီးနောက် ဗြိတိန်ဘုရင်မကြီးက သူမကိုယ်တိုင် ရောဂါစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့သလား ဆိုသည်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။
“ဗြိတိန်ဘုရင်မကြီး COVID-19 ကူးစက်ခံထားရတယ်ဆိုတာကို ဒီနေ့မှာ စစ်ဆေးသိရှိခဲ့တယ်ဆိုတာကို ဘက်ကင်ဟမ် နန်းတော်က အတည်ပြုပါတယ်” ဟု နန်းတော်က ထုတ်ပြန်ခဲ့သည်။
“ဘုရင်မကြီးက မပြင်းထန်တဲ့ သာမန် အအေးမိတဲ့ လက္ခဏာရပ်တွေသာ ရှိတာကြောင့် ရှေ့အပတ်ထဲမှာ ဝင်ဆာရဲတိုက်မှာ တာဝန်တွေ ဆက်လက်ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“သူမဟာ ဆေးဝါးကုသမှုကို ဆက်လက်ခံယူသွားမှာဖြစ်သလို သင့်လျော်တဲ့ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာသွားမှာဖြစ်ပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗြိတိန်ဘုရင်မကြီးသည် COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးသားဖြစ်ကြောင်း နန်းတော်က အစောပိုင်းတွင် အတည်ပြုထားသည်။