ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွန်ပရာဘွမ် -ပူတာအိုလမ်း ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွပ်မြောက်ရေး တပ်မတော် KIA တို့ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် မနက် ၁၀ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆွမ်ပရာဘွမ်သို့ စားနပ်ရိက္ခာ လာရောက် သယ်ဆောင်စဉ် KIA တပ်မဟာ (၁)၊ တပ်ရင်း (၁၀) က စောင့်ကြို တိုက်ခိုက်သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ဒဏ်ရာ ရသူများရှိကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ ညပိုင်းကလည်း မြစ်ကြီးနား-ပူတာအို လမ်းမပေါ် လုံရှာယန်ရွာနှင့် ဖတ်မာကျေးရွာကြားတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဖတ်မာ ရွာသား နှစ်ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။
မြစ်ကြီးနား-ပူတာအို လမ်းပိုင်း ညပိုင်း သွားလာခွင့် KIA က ပိတ်ပင်ထားပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်၍ အိမ်စီးကားနှင့် ခရီးသည်တင်ကားများသာ ဖြတ်သန်းခွင့် ပြုထားရာ ပူတာအို ဒေသတွင် စက်သုံးဆီဈေး အဆမတန် မြင့်မားနေပြီး ဓာတ်ဆီ တစ်ဂါလံ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ပေးဝယ်ရကြောင်း ပူတာအို ဒေသံက ဆိုသည်။
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းကို KIA က ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ထားကြောင်း ဒေသခံများက ဆိုသည်။