ဒီဇင်ဘာ ၂၀
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ် ကန်ဘောင်ရှေ့ရှိ မြန်မာပလာဇာတွင် ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ပြည်သူများက သပိတ်မှောက်ထားဆဲဖြစ်သောကြောင့် ယခင်ကဲ့သို့ စည်ကားနေခြင်းမရှိဘဲ လူသူခြောက်ကပ်နေပြီး စစ်ကောင်စီ လက်အောက်ခံ ရဲများကလည်း လုံခြုံရေးယူထားဆဲဖြစ်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် မြန်မာပလာဇာသို့ လာရောက်လည်ပတ်သူ အနည်းငယ်သာရှိပြီး အများစုမှာ နိုင်ငံခြားသားများဖြစ်သည်။
မြန်မာပလာဇာအတွင်း ဆန္ဒပြသည့်လူငယ်များကို လုံခြုံရေးများက နိုဝင်ဘာလ ၂၅ ရက်တွင် ထိုးကြိတ်ဖမ်းဆီးခဲ့ခြင်းကြောင့် အများပြည်သူက ထိုပလာဇာသို့ မသွားလာခြင်းဖြင့် သပိတ်မှောက်ထားပြီး ဆိုင်ခန်းပိုင်ရှင်များကလည်း ဆိုင်များပိတ်ကာ ပြည်သူနှင့်အတူ ရပ်တည်ခဲ့ကြသည်။
ဆိုင်အားလုံးနီးပါး ပိတ်ခဲ့သည့်အတွက် စစ်ကောင်စီက ဆိုင်ခန်းပိုင်ရှင်များကို ဖိအားပေး အကြပ်ကိုင်မှုများရှိကြောင်း ဆိုင်ခန်းပိုင်ရှင်တချို့ထံက သိရသည်။
"အစ်မတို့တွေရဲ့ မြန်မာပလာဇာကဆိုင်ကို ပြန်ဖွင့်ရမယ်ဆိုပြီး ဖေစ့်ဘွတ် ပေ့ချ်တွေမှာ ပိုစ့်ပြန်တင်ရပါတယ်။ ခုဆို ပိုစ့်မှာ နားလည်ကြတဲ့သူတွေရှိသလို တချို့ကျလည်း ဇွတ် သိတဲ့အတိုင်းပါပဲ။ နိုဝင်ဘာလ ၂၉ ရက်နေ့က ဝန်ကြီးချုပ်နဲ့ ခံဝန်ထိုးခဲ့ပြီးတာတောင် ၃၀ ရက်နေ့မှာ ခရိုင်အဆင့် ထပ်ထိုးရမယ်ဆိုလား ခေါ်ထားသေးတယ်။ အိမ်တွေကိုလည်း လိုက်တယ်။ အဲ့လိုတွေရှိပါတယ်"ဟု ပလာဇာအတွင်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည့်အဖြစ်ကို ပြောသည်။
ယခင်က ဈေးဝယ်သူများ၊ လာရောက်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့သော မြန်မာပလာဇာတွင် ယခုအခါ တံခါးတစ်ဝက်ချပြီး ဖွင့်သည့်ဆိုင်ခန်းနှင့် ပစ္စည်းအားလုံးသိမ်းပြီး အရောင်းရပ်နားထားသည့် ဆိုင်ခန်းအနည်းငယ်လည်းရှိနေသည်။
လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး "အရင်နေ့တွေက ဝယ်သူတွေမရှိဘူး၊ ဒီနေ့မှပြန်ဝင်လာတာ။ မြင်တဲ့အတိုင်းပါပဲ။ ညီမတို့က ဝန်ထမ်းတွေဆိုတော့ ကြားညပ်နေတယ်။ ပြန်ဖွင့်တော့လည်း ပြန်ရောင်းနေရပါတယ်" ဟု ဆိုင်ခန်းတစ်ခန်းမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
ထို့အပြင် မြန်မာပလာဇာ ဧရိယာအပြင်ဘက်တွင် ရဲအင်အားအနည်းငယ် လုံခြုံရေးယူထားပြီး အတွင်းထဲရှိ အလွှာတစ်ခုခြင်းစီ၌ ပလာဇာ လုံခြုံရေး ဝန်ထမ်း သုံးဦးမှ ငါးဦးအထိ စောင့်ကြပ် ကြည့်ရှုနေကြောင်း သိရသည်။
ယခင်က ပလာဇာ၏ အဓိက ဝင်ပေါက်နှင့် စက်မှု (၁) လမ်းမပေါ်တွင် အဌားယာဉ်ကားများ ပြည့်ကျပ်နေအောင် ရပ်နားထားလေ့ရှိသော်လည်း
ယခုတွင် အဌားယာဉ်မောင်းအများစုပါ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သောကြောင့် ပလာဇာသို့ ကားအသွားအပြန် အဌားမလိုက်လိုကြတော့ပေ။ ထို့အပြင် ပလာဇာထဲရှိ စားသောက်ဆိုင်များမှ မှာယူသည်ကို ပို့ဆောင်ပေးသည့် Delivery ဝန်ထမ်းများက ဝန်ဆောင်မှု ရပ်နားထားကြသည်။
မြန်မာပလာဇာတွင် ခရစ္စမတ်ကာလ အဖြစ် ဒီဇင်ဘာလ၂၁ မှ ၃၁ ကာလ အတွင်း မြန်မာကျပ် ၃၀‚၀၀၀ ဖိုးနှင့်အထက် လာရောက်ဝယ်ယူအားပေးသူတိုင်း ကံစမ်းမဲ လက်ဆောင်များ ချက်ချင်း ရယူနိုင်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ အခမဲ့ကားရပ်နားခွင့် လေးနာရီအထိ ပေးထားကြောင်းလည်း Myanmar Plaza Facebook Pageတွင် ကြေညာထားသည်။