နိုဝင်ဘာ ၁
ဂျပန်နိုင်ငံမှာ ကောမစ်ဗီလိန် ဂျိုကာလိုမျိုး ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးက တိုကျို ရထားတစ်စင်းပေါ်မှာ ဓားကိုင်ရမ်းကားပြီး မီးရှို့တိုက်ခိုက်ခဲ့မှုဟာ "အလွန် ရက်စက်ယုတ်မာပြီး လူမဆန်တဲ့" လုပ်ရပ်ဖြစ်တယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အဆိုပါ ရထားတွဲပေါ်မှာ ရမ်းကားတိုက်ခိုက်ခဲ့သူလို့ သံသယရှိတဲ့ အမျိုးသားဟာ ကောမစ်ဗီလိန်ဇာတ်ကောင် ဂျိုကာကို အင်မတန် သဘောကျနှစ်သက်သူဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၃၁ ရက် ညနေပိုင်းက ရထားတွဲပေါ်မှာ လူ ၁၈ ဦးကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုဖြစ်ပြီးနောက် ရဲတွေဟာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းမှုအတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
လင်းနို့လူသားရဲ့ ဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ ဂျိုကာလိုမျိုး ခရမ်းရောင်ဝတ်စုံ၊ အစိမ်းရောင် ရှပ်အင်္ကျီနဲ့ နက်ကတိုင် တို့ကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးကို ရဲတွေ ဝိုင်းထားတာကို ဗီဒီယိုတွေထဲမှာ တွေ့ခဲ့ရပါတယ်။
အကြမ်းဖက် ရာဇဝတ်မှုကျူးလွန်မှုမျိုး ဖြစ်ခဲလှတဲ့ နိုင်ငံမှာ အဆိုပါ ဖြစ်စဉ်ဟာ ထိတ်လန့်မှုနဲ့ ပရမ်းပတာ အခြေအနေကို ဖြစ်စေခဲ့ပါတယ်။ ရုပ်သံပုံရိပ်တွေထဲမှာ ထိတ်လန့်နေတဲ့ ခရီးသည်တွေ ရထားပေါ်ကနေ ခုန်ချထွက်ပြေးနေတာနဲ့ တွဲထဲမှာ မီးခိုးတွေထွက်နေတာကို တွေ့ခဲ့ရပါတယ်။
"သူက ဓားတစ်လက် ကိုင်ပြီး ရထားပေါ်မှာ ထိုင်နေတဲ့ အသက် ၇၀ အရွယ် အမျိုးသားခရီးသည်တစ်ယောက်ရဲ့ ရင်ဘတ်ကို ထိုးခဲ့ပါတယ်၊ ဒါပေမယ့် လူသတ်ဖို့ သူ့ရည်ရွယ်ချက် မအောင်မြင်ခဲ့ပါဘူး" လို့ တိုကျိုရဲဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။
"သူက တစ်ယောက်ယောက်ကို သတ်ပြီး သေဒဏ်ချမှတ်ခံချင်နေခဲ့တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်" လို့ ၎င်းက ပြောပါတယ်။
ဓားထိုးခံရတဲ့ သက်ကြီးအမျိုးသားဟာ အခြေအနေ စိုးရိမ်ရတယ်လို့လည်း မီဒီယာသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်ဟာ "အလွန် ရက်စက်ယုတ်မာပြီး လူမဆန်တဲ့" လုပ်ရပ်ဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူ မက်ဆူနိုက ပြောခဲ့ပါတယ်။
တိုက်ခိုက်သူက ၎င်းဟာ ဂျိုကာဇာတ်ရုပ်ကို သဘောကျနှစ်သက်သူဖြစ်ကြောင်း ရဲတွေကို ပြောခဲ့တယ်လို့ Kyodo News နဲ့ Sankei Shimbun daily တို့က ဖော်ပြပါတယ်။