စခန်းလုံခြုံရေး ၂၄ နာရီစောင့်နေရသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ ယခင်ကထက် စွမ်းဆောင်ရည် ကျဆင်းလာနေသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဘက်က သိရသည်။
မန္တလေးမြို့တွင် နယ်မြေခံရဲစခန်းများ မကြာခဏ တိုက်ခိုက်ခံနေရသည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်နေကြရခြင်းဖြစ်သည်။
နယ်မြေခံအများစုတွင် တပ်ဖွဲ့ဝင် အင်အားအနည်းအငယ်ဖြင့် လှည့်ကင်း၊ပတ်ကင်းစောင့်ရွက်ရခြင်းနှင့်စစ်ဆေးရေးအဖွဲ့များ၌ပါ ပူးပေါင်းပါဝင်နေရခြင်းကြောင့် လုံလောက်သည့် နားချိန်လည်း မရှိကြောင်း ရဲတပ်ဖွဲ့ဝင်များကဆိုသည်။
ထိုသို့ နားချိန်မရှိသည့်အတွက် စခန်းလုံခြုံရေး စောင့်သည့် အချိန်များတွင် အိပ်ငိုက်ခြင်းများ တွေ့နေရသည်ဟုဆိုကြသည်။
"လှည့်ကင်းက အပြန် ကင်းစောင့်ဆိုတော့ နားချိန်က မရှိဘူး။ရက်ရှည်လာတော့ ပန်းလာတယ်။အဲတော့ ကင်းချိန်ဟာ နားချိန်ဖြစ်နေတာပေါ့။လာပစ်တော့လည်းကံပေါ့ဗျာ။"လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
တိုက်ခိုက် မှုမခံရစေရန်အတွက် နယ်မြေခံရဲစခန်းများရှေ့ရှိ အဓိကလမ်းများပိတ်ထားခြင်း၊ ဘန်ကာများ၊သဲအိတ်များချထားခြင်းတို့ပြုလုပ်ပြီး လုံခြုံရေးအတွက် ပြင်ဆင်ထားရကြောင်းသိရသည်။