မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို လာမည့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်သွားမည်ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီက စက်တင်ဘာ ၁ ရက်ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
"မြန်မာနေရှင်နယ်လိဂ် ကော်မတီနဲ့ ပြိုင်ပွဲဝင်ကလပ်အသင်းများ အားလုံးနှင့် ညှိနှိုင်းဆွေးနွေး သဘောတူညီ ချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်း" ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီက ဆိုသည်။
ယခုနှစ် ၂၀၂၁ ဘောလုံးရာသီကို မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းအခြေအနေအရ မကျင်းပဖြစ်တော့ဘဲ လာမည့်၂၀၂၂ ခုနှစ်မှသာ ပြန်လည်ကျင်းပမည် ဖြစ်သည်။
၂၀၂၁ ခုနှစ် ဘောလုံးရာသီကို မူလက ယခုနှစ် ဧပြီ(သို့) မေလအကုန်ပိုင်းတွင် စတင်ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း နိုင်ငံအဝှမ်း ပြင်းထန်စွာပြန့်နှံ့ကူးစက်လျက်ရှိနေသော COVID-19 တတိယလှိုင်းအခြေအနေများအရ ယခုကဲ့သို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံဒေသတွင်းရှိ လာအို၊ ကမ္ဘောဒီယား၊ ဘရူနိူင်းနိူင်ငံများ အပါအဝင် အာရှနိုင်ငံအချို့တွင်လည်း COVID-19 ရောဂါ အလွန်ပြင်းထန်စွာ ပြန့်နှံ့ဖြစ်ပွားနေခြင်းကြောင့် ၎င်းတို့ပြည်တွင်းလိဂ်ပြိုင်ပွဲများကိုလည်း လာမည့်နှစ်မှသာ ပြန်လည်ကျင်းပရန် စီစဉ်ထားကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ် အမှတ်ပေးပြိုင်ပွဲများနှင့် ရှုံးထွက်ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပမည့်အချိန်ကို လက်ရှိအချိန်တွင် ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးပေ။
ပြီးခဲ့သည့် မတ် ၂၇ ရက်က ရန်ကုန်မြို့ အင်းစိန်ရွာမ တွင် ပြုလုပ်သည့် အကြမ်းဖက်စစ်ကောင်စီကို ဆန်ကျင့်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ ပါဝင်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ဖြစ်သည့် ဟံသာဝတီယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ချစ်ဘိုဘိုငြိမ်းသည် ဝမ်းဗိုက် ကျည်ဆန် ထိမှန် ဒဏ်ရာဖြင့် အသက်သေဆုံးခဲ့သည်။
ပြီးခဲ့သည့် MPT Myanmar National League 2020 (မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ) ၏၂၀၂၀ ချန်ပီယံဆုကို ရှမ်းယူနိုက်တက် အသင်းက ရရှိခဲ့သည်။