စစ်အာဏာသိမ်းမှုနှင့် COVID- 19 တတိယလှိုင်းဒဏ် ကြောင့် အခက်အခဲဖြစ်နေသည့် အိမ်ထောင်စု ၇၀၀ နီးပါးအား ရန်ကုန် ပုစွန်တောင်မြို့နယ်၊ ၅၁ လမ်း ဟိန္ဒူဘုရားကျောင်းမှ အခြေခံစားသောက်ကုန်များလှူဒါန်းခဲ့ကြောင်းသိရသည်။
ယနေ့ ဩဂုတ် ၂၂ ရက် ညနေခင်း ၃ နာရီတွင် "သင်တို့နှင့် အတူ ကျွန်ုပ်တို့ ရှိနေသည်ကို မမေ့ပါနဲ့" ဟူသည့် ခေါင်းစဉ်ဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၅၀၀ အတွက်ပစ္စည်း ကိုး မျိုးလှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။
ပစ္စည်းကိုးမျိုးမှာ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ Mask ၊ ဓာတ်ဆား၊ ခေါက်ဆွဲခြောက်၊ အသားတုနှင့် ပါပလာကြော်(ဟိန္ဒူလူမျိုးများ ထမင်းစားပီးနောက်သာကူနှင့် အေကြာ်တခုရောစားသည့်အရာ)တို့ဖြစ်သည်။
“အလှူရှင်တွေရဲ့စုပေါင်းအားရယ်၊ ဘုရားကျောင်းက လူငယ်တွေရယ် စုပြီးလှူဖြစ်သွားတာပါ၊ အခက်အခဲရှိတဲ့အိမ်တွေကို ကိုယ်တိုင်သွားကြည့်ပီး (ဒလ၊ တောင်ဒဂုံ၊ သာကေတ) တိုကင် တစ်ရက်ကြိုတင်ပေးပါတယ်၊ ပြီးတော့ ဒီနေ့လှူပါတယ်၊ လူမျိုးဘာသာမရွေးဘဲ အားလုံးအတွက်ရည်ရွယ်ပါတယ်၊ နောက်ထပ်လည်း ထပ်ပြီးလှူဖို့ရှိပါသေးတယ်” ဟုဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဩဂုတ်လ၁၁ ရက်ကလည်း ထိုပစ္စည်းများအား အိမ်ထောင်စု ၁၇၀ စာအတွက်လှူဒါန်းခဲ့သေးကြောင်းသိရသည်။