ဇန်နဝါရီ ၃
ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒေဒါမှာ နှစ်သစ်ကူးနေ့က ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ ကျည်ဖူးတစ်ခု ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးငါးဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် လူတစ်ချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ စစ်ဒဏ်သင့် နိုင်ငံမှာ ယခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။
ဟိုဒေဒါ လေဆိပ်အနီး ပြီးခဲ့တဲ့ သောကြာနေ့ညက သံသယရှိ အမြှောက်နဲ့ တိုက်ခိုက်မှုအတွက် ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင် အစိုးရနဲ့ ဟူသီသူပုန်တွေဟာ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် အပြစ်ဖို့ခဲ့ကြပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားမှု မတိုင်မီ နှစ်ရက်ကလည်း ယင်းနိုင်ငံတောင်ပိုင်း အေဒင်မြို့ လေဆိပ်တစ်ခုမှာ အစိုးရဝန်ကြီးတွေ လေယာဉ်ဆိုက်ရောက်ပြီး လေယာဉ်ပေါ်က ဆင်းနေခဲ့ချိန် လေဆိပ်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့လို့ အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ထားခဲ့ပါသေးတယ်။
ဟိုဒေဒါမှာတော့ မင်္ဂလာဆောင်ခန်းမ အချို့ရှိရာ တည်နေရာတစ်ခုရဲ့ ဝင်ပေါက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။
အသစ်စက်စက် လက်ထပ်ထိမ်းမြှားတဲ့ သူပုန်ထောက်ခံသူတစ်ဦးရဲ့ မင်္ဂလာပွဲ ကျင်းပနေချိန် ဒီပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီး ကျည်ဆံ မင်္ဂလာပွဲ ကျင်းပရာနေရာကို ကျရောက်ခဲ့ချိန် အမျိုးသမီးငါးဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အခြားလူခုနစ်ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ ဟူသီသူပုန်တို့ ကျူးလွန်တဲ့ စက်ဆုပ်ဖွယ် ပြစ်မှုတစ်ခုဖြစ်တယ်လို့ အပစ်ရပ်စဲမှုကို ကြီးကြပ်နေတဲ့ ကုလ ထောက်ပံ့တဲ့ ပူးတွဲကော်မရှင်တစ်ခုက အစိုးရ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး ဆာဒက်ခ် ဒူ့က ပြောပါတယ်။
တစ်ဘက်မှာလည်း ဟိုဒေဒါရဲ့ ဟူသီ ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူး မိုဟာမက် အယာချီကလည်း ရန်လိုတဲ့ တပ်ဖွဲ့တွေဟာ သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အခြားသူတွေအပေါ် အပြစ်တင်ဖို့ ဘယ်တော့မှ ဝန်မလေးဘူးဆိုပြီး ရှီးဟိုက် မွတ်ဆလင် သူပုန်တွေ လည်ပတ်နေတဲ့ အယ်လ် မာဆီရာ တီဗီကို ပြောကြားသွားခဲ့ပါတယ်။
ဟူသီတို့အနေနဲ့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့ တောင်းဆိုထားတယ်လို့ ၎င်းတို့ရဲ့ သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။