စက်တင်ဘာ ၁၇
ပါကစ္စတန်နှင့်တရုတ်တို့သည် မကြာသေးမီက အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ ဆည်တစ်ခုကိုတည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါဆည်သည် အငြင်းပွားဒေသဖြစ်သော ဂဲလ်ဂစ်ဘောလ်တီ စတန် (Gilgit-Baltistan) ရှိ ရှေးဟောင်းဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်လက်ရာ ၅၀ ၀၀၀ ကျော်ကို ခြိမ်းခြောက်လျက်ရှိသည်။
မေလက တရုတ်အစိုးရပိုင်ကုမ္မဏီ China Power နှင့် ပါကစ္စတန်စစ်တပ်၏ Frontier Works Organisation အကြား သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်က များစွာကြန့်ကြာ နေသော ဒီယာမာ-ဘာရှာဆည် ( Diamer-Bhasha) သို့ လေးကြိမ်မြောက်အဖြစ် လာရောက်လည်ပတ်ခဲ့သည်။
“ဆည်ဆောက်လိုက်ရင် ကာရာကိုရမ်အဝေးပြေးလမ်းမတစ်လျှောက်က မြေကီလိုမီတာ ၁၀၀ ကျော်လောက် ရေမြုပ်သွားလိမ့်မယ်။ ဆော့ဒီယန်၊ ဆစ်သီယန်နဲ့ တိဗက်တန် ခေတ်တွေက အဖိုးတန်တဲ့ ရှေးဟောင်းကျောက်ထွင်း အနုပညာလက်ရာတွေနဲ့ပန်းချီရေးခြယ်ဟန်တွေရှိတဲ့ ကျောက်ခဲကျောက်တုံးကြီးတွေလည်း ရေမြုပ်သွားလိမ့်မယ်” ဟု Gilgit-Baltistan ကိုလေ့လာမှုပြုသည့် ဝါရှင်တန်အခြေစိုက်အဖွဲ့အစည်းမှ ဒါရိုက်တာ Senge Sering က The Epoch Times ကို ပြောသည်။
လန်ဒန်ရှိ SOAS တက္ကသိုလ် အီရန်လေ့လာရေးစင်တာမှ ဗဟိုအာရှ ဝေါဟာရဗေဒပညာရှင် Burzine Waghmar က Gilgit-Baltistan ရှိ ရှေးဟောင်းကျောက်ထွင်းလက်ရာများကို ‘ရှင်သန်နေသော ကျောက်အနုပညာပြခန်း’ အဖြစ် သတ်မှတ်ခဲ့သည်။
ကာရာကိုရမ်အဝေးပြေးလမ်းမကြီးကို ၁၉၇၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့ပြီးနောက် တရုတ်နွယ်ဘာသာစကား (Sinitic)၊ ဆီမိုက်-အိန္ဒိယ (Semitic Indic) ၊ အီရန်ဘာသာစကားများ (ဟီဘရူး၊ ဆော့ဒီယန်၊ ဘက်ထရီယန်၊ ပါသီယန်၊ သင်္သကရိုက်) နှင့် ဗြာမီ၊ ခါရိုစသီ၊ဆော့ဒီယန်၊တရုတ် အစရှိသည့် အက္ခရာအမျိုးအစား ၁၀ မျိုးပါရှိသော ကျောက်ထွင်းအနုပညာလက်ရာပေါင်း ၆ ၀၀၀ ကျော်နှင့် ကျောက်သားနံရံထွင်း ပန်းပုလက်ရာပေါင်း ၅၀ ၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Waghmar က The Epoch Times သို့ အီးမေးလ်ဖြင့်ပြောကြားခဲ့သည်။
“မကြာသေးခင်အချိန်ကအထိ ရှေးဟောင်းအမွေအနှစ်နေရာသစ်တွေ ဆက်ပြီးတွေ့နေတာကြောင့် ရှာဖွေမှုတွေ ဆက်လုပ်နေခဲ့ကြပါတယ်။ ဒီဒေသက အာဖဂန်-ပါကစ္စတန်နယ်စပ်နှစ်ဖက်စလုံးမှာ စစ်သွေးကြွတွေအတွက် အလွယ်တကူခိုအောင်းနိုင်တဲ့နေရာဖြစ်လာပြီး စစ်ပွဲတွေ စဖြစ်လာကတည်းက သမိုင်းဝင်မြို့ Chilas အနီးဝန်းကျင်မှာ တန်ပြန်အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် သုတေသနလုပ်ငန်းတွေအနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်” ဟု Waghmar က ဆိုသည်။
အာရှကုန်းမြင့်အရပ်တွင်တည်ရှိသည့် Gilgit-Baltistan ဒေသသည် ဂျမူးနှင့်ကက်ရှ်မီးယားစုပေါင်းနယ်နိမိတ်၏ အစိတ်အပိုင်းအဖြစ် အိန္ဒိယကတောင်းဆိုထားသည်။ ထိုဒေသကို လက်ရှိတွင် ပါကစ္စတန်ကအုပ်ချုပ်နေပြီး အငြင်းပွားနယ်မြေအဖြစ်သတ်မှတ်ထားသည်။ အိန္ဒိယနှင့်ပါကစ္စတန်သည် အဆိုပါဒေသနှင့်ပတ်သက်၍ စစ်ပွဲလေးကြိမ်ဖြစ်ပွားခဲ့သည်။
တရုတ်နှင့်ပါကစ္စတန်တို့သည် တရုတ်၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI) ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Gilgit-Baltistan မှတစ်ဆင့် ပါကစ္စတန် - တရုတ်စီးပွားရေးစင်္ကြံကိုလည်း တည်ဆောက်လျက်ရှိသည်။
ရှေးဟောင်းဗုဒ္ဓအမွေအနှစ်များကိုခြိမ်းခြောက်နေမှုသည် Gilgit-Baltistan ဒေသခံများအတွက် အကြီးမားဆုံးစိုးရိမ်ဖွယ်ရာဖြစ်သော်လည်း ပါကစ္စတန်၏ နိုင်ငံ့သမိုင်းကြောင်းတွင် အရေးပါသောအကြောင်းအရာမဟုတ်ဟု BRI အကြောင်း သတင်းလိုက်နေသည့် ပါကစ္စတန်အလွတ်သတင်းထောက် Adnan Aamir က The Epoch Times ကိုပြောသည်။
“ဒီအကြောင်းကို ပါကစ္စတန်မီဒီယာမှာဖော်ပြဖို့ ခဲယဉ်းပါတယ်။ နိုင်ငံပိုင်သတင်းစာနဲ့ တီဗီချန်နယ်တွေမှာ ဒီသတင်းအကြောင်း တွေ့နိုင်မှာမဟုတ်ပါဘူး။ မီဒီယာရဲ့အာရုံစိုက်မှုကို လုံးဝလွတ်မြောက်ခဲ့တာပါ” ဟု Quetta အခြေစိုက်သတင်းထောက် Aamir က ပြောသည်။ ဆည်ကြောင့် ရှေးဟောင်းကျောက်ထွင်းလက်ရာ အစုအဝေး ၇၅ ခုအပါအဝင် ရှေးဟောင်းသုတေသနဆိုင်ရာနေရာ ၉၅ ခု ရေနစ်မြုပ်လိမ့်မည်ဟု လူသိနည်းသည့် ဒေသမီဒီ ယာ Pamir Times က ဖော်ပြထားသည်။
အရေးပါမှု
Gilgit-Baltistan ဒေသရှိ ဤဗုဒ္ဓအမွေအနှစ်ကျောက်ထွင်းလက်ရာများသည် ရှေးဟောင်းပိုးလမ်းမကြီးတစ်လျှောက် ဗုဒ္ဓဘာသာပြန့်ပွားမှုဆိုင်ရာ အကြောင်းအရာများဖြစ်ပြီး အမျိုးမျိုးသော ယဉ်ကျေးမှုနှင့်ယုံကြည်ကိုး ကွယ်မှုများအတွက် အဟန့်အတားမဖြစ်ခဲ့ပေ။
“Gilgit-Baltistan ဒေသရဲ့ သမိုင်းဝင်အရေးပါမှုကတော့ ကျော်ကြားတဲ့ပိုးလမ်းမကြီးက ခွဲထွက်လာတဲ့ လမ်းကြောင်းဟောင်းတွေပေါ်မှာတည်ရှိတာပါပဲ။ ဒီထူးခြားတဲ့ကျောက်ထွင်းလက်ရာအမွေအနှစ်တွေဟာ အာရှအလယ် ပိုင်းနဲ့ ကာရာကိုရမ်ဒေသရဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်း Indus လွင်ပြင်တွေကြားက လမ်းကြောင်းဟောင်းတွေပေါ်မှာတည်ရှိပါတယ်။ အင်ဒက်စ်မြစ်ရဲ့ကမ်းပါးနှစ်ဖက်တစ်လျှောက်မှာရှိတဲ့ မတ်စောက်တဲ့ ကျောက်နံရံတွေ နဲ့ကျောက်တုံးတွေပေါ်မှာ ပုံဖော်ထွင်းထုထားတဲ့လက်ရာတွေဟာ ဘီစီ ရှစ်ထောင်စုနှစ်ကနေ ဗုဒ္ဓဘာသာရွှေခေတ်၊ အေဒီ ငါးရာစုကနေ ရှစ်ရာစုအထိနဲ့ ၁၆ ရာစု အစ္စလာမ်ဘာသာ စတင်ထွန်းကားတဲ့အချိန်ထိက ကျောက်ထွင်း အက္ခရာနဲ့ ပုံတော်တွေပါတဲ့ အကြီးမားဆုံးလက်ရာစုစည်းမှုတွေဖြစ်ပါတယ်” လို့ Adnan Aamir ကဆိုသည်။ ဂေါတမဘုရားပွင့်တော်မူပြီးနောက် နှစ်ပေါင်း ၃၀၀ ခန့်တွင် ဤဒေသသို့ ဗုဒ္ဓဘသာပြန့်ပွားခဲ့သည်။
အေဒီနှစ်ရာစုက ပိုးလမ်းမသည် Gilgit ဒေသကိုဖြတ်လျက် ရှင်းကျန်းရှိ တာရင်းမြစ်ဝှမ်းထိရောက်ရှိခဲ့သည်ဟု ပါကစ္စတန်နိုင်ငံထုတ် Daily Times တွင်ဖော်ပြထားသည်။ ကျောက်ထွင်းလက်ရာအများစုကို ဖြတ်သွား ဖြတ် လာလုပ်ခဲ့ကြသော ဘုရားဖူးများနှင့်ကုန်သည်များက ဧည့်သည်မှတ်တမ်းအဖြစ် ရေးဆွဲခဲ့ကြခြင်းဖြစ်ကြောင်း၊ ၁၉၈၄ ခုနှစ်တွင် ပါကစ္စတန်-ဂျာမန်သုတေသနအဖွဲ့ ဖွဲ့စည်းပြီး လေးနှစ်အကြာ တွင် ပါကစ္စတန် မြောက်ပိုင်း ရှိ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာစီမံကိန်းကို စတင်ခဲ့သည်။
အကူအညီတောင်းခံမှု
ဖေ့စ်ဘွတ်ပေါ်တွင် Save the Buddha Relics Found in Diamer–Bhasha Dam Site ဟူသော အဖွဲ့ထောင်ထားသော ရှေးဟောင်းပါကစ္စတန်ပြည်သူ့အဖွဲ့တစ်ဖွဲ့က ဗုဒ္ဓအမွေအနှစ်များကို ကူညီထိန်းသိမ်းရန် ကမ္ဘာလုံး ဆိုင်ရာအဖွဲ့အစည်းကို ကာလရှည်ကြာ အသနားခံတောင်းဆိုခဲ့သည်။ ပါကစ္စတန်မြောက်ပိုင်းရှိ ရှေးဟောင်းသုတေသနဌာနက ဆည်ဆောက်သည့်နေရာတွင် ဗုဒ္ဓအမွေအနှစ်များရှိမှုကို အတည်ပြုခဲ့ကြောင်းနှင့် အရေးတကြီး ကြပ်မတ်ဆောင်ရွက်ဖို့လိုနေသည်ဟု ရှေးဟောင်းပါကစ္စတန်ပြည်သူ့အဖွဲ့က ဆိုသည်။ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာစီမံကိန်းတွင်ပါဝင်သည့် ဂျာမနီကုမ္ပဏီ Lahmeyer က အဆိုပါနေရာတွင်တွေ့ရှိရသော ကျောက်ထွင်း ပုံတော်များနှင့်လက်ရာများအတွက် ပြတိုက်တစ်ခုတည်ဆောက်ရန် အကြုံပြုခဲ့သည်။ အစ္စလာမ်နိုင်ငံမတိုင်အချိန် ပါကစ္စတန်သမိုင်းကိုလေ့လာသူ Heidelberg တက္ကသိုလ်မှ Harald Hauptmann သည် ၂၀၁၈ ခုနှစ် ၎င်းမသေဆုံးမီအထိ သုတေသနအဖွဲ့ကိုဦးဆောင်ခဲ့သူဖြစ်သည်။ ထိုနောက်ပိုင်း Harald Hauptmann ၏ စီမံကိန်းနောက်ဆက်တွဲနှင့်ပတ်သက်၍ သတင်းမကြားရေတော့ပဲ ကျန်အဖွဲ့သားများကိုလည်း The Epoch TImes က ဆက်သွယ်၍မရခဲ့ပေ။
Bhasha ဆည်ကြီးသာ ပြီးစီးသွားပါက ရှေးဟောင်းသုတေသနနေရာ ၉၅ ခုရှိ ကျောက်တုံး ၅ ၉၂၈ ပေါ်က ကျောက်ထွင်းအနုပညာလက်ရာ ၃ ၆၁၈ ခုအပါအဝင် ကျောက်နံရံပန်းချီပေါင်း ၃၇ ၁၁၆ နီးပါး ထာဝရ ရေမြုပ်သွား မည်ဖြစ်ကြောင်း၊ အမြင့်ပိုင်းတွင်ရှိသည့်လက်ရာများကို ရာသီအလိုက် တစ်စိတ်တစ်ပိုင်းမြင်နိုင်သော်လည်း အချို့လက်ရာများမှာ အပြီးအပိုင် ရေမြုပ်သွားမည်ဖြစ်ကြောင်း Waghmar က ပြောသည်။
ရှေးဟောင်းဗုဒ္ဓအမွေအနှစ်များကို ဖျက်ဆီးခြင်းသည် ဒေသခံလူများ၏ အမှတ်အသားကို တိုက်ခိုက်ခြင်းပင်ဖြစ်သည်ဟု Sering က ပြောသည်။
“မန်သယ်နဲ့ စကာဒူစတဲ့ နေရာက ဒေသခံတွေဟာ ကျောက်ထွင်းဗုဒ္ဓရုပ်ပုံတွေပါတဲ့ ကျောက်တုံးကြီးပတ်လည်မှာ အကာအကွယ်နံရံတွေတည်ဆောက်ဖို့ ရန်ပုံငွေစုခဲ့ကြပါတယ်။ သူတို့ဟာ လာဒက်၊ တိဗက်ဒေသတို့ရဲ့ ယဉ်ကျေးမှုနဲ့ဘာသာစကားဆိုင်ရာ ဆက်စပ်မှုတွေကို ဂုဏ်ယူကြပြီး အစ္စာလာမ်ဘာသာအမွေအနှစ်မဟုတ်တာတွေကို ထိန်းသိမ်းဖို့ အတွက် ရန်ပုံငွေထားရှိဖို့ ဒေသခံတွေက အစိုးရကို ဆက်လက်တောင်းဆိုနေကြပါတယ်” ဟု Sering က ဆိုသည်။ Gilgit-Baltistan ဒေသမှ အရပ်ဘက်အဖွဲ့အစည်းသည် ရှေးဟောင်းဗုဒ္ဓအမွေအနှစ်များကို ထိန်းသိမ်းရန် တောင်းဆိုခဲ့ကြသော်လည်း အခြားပါကစ္စတန်များထံမှ အထောက်အပံ့ မရရှိခဲ့ကြပါ။ အကြောင်းပြချက်တစ်ခုမှာ အရပ်ဘက်အဖွဲ့အစည်းသည် စစ်ဗိုလ်ချုပ်ကြီးများ၏ အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် အကျင့်ပျက်ခြစားမှု ကဲ့သို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရင်း အလုပ်များနေခြင်းကြောင့်လည်း အမွေအနှစ်ထိန်းသိမ်းရေးကိစ္စကို ကောင်းကောင်းအာရုံစိုက်ပြီး မလုပ်ဆောင်နိုင်ကြပေ။
ရှေးဟောင်းအမွေအနှစ်ဝန်းကျင်က နိုင်ငံရေး
အငြင်းပွားဖွယ်ဒေသရှိ ရှေးဟောင်းဗုဒ္ဓအမွေအနှစ်များ၏ ပထဝီနိုင်ငံရေးဆိုင်ရာတည်နေရာနှင့် ပါကစ္စတန်အတွင်းရှိ လက်ရှိနိုင်ငံရေးနှင့်စီးပွားရေးအခြေအနေများအရ အမွေအနှစ်များကိုထိန်းသိမ်းရန် ခက်ခဲနေစေသည်။
“ပါကစ္စတန်မှာ ဆည်ဆောက်တာဟာ ထိရှလွယ်တဲ့ ပြဿနာတစ်ရပ်ပါ။ ရေသိုလှောင်ဖို့နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဆည်တွေလိုအပ်ပါတယ်။ အခြားဆည်တွေရဲ့ တည်နေရာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုအမြောက်အမြားဖြစ်ပေါ်ပြီးတဲ့နောက်မှာ Diamer-Bhasha ဆည်ကို တည်ဆောက်ဖို့ ရွေးချယ်ခဲ့ကြတာပါ။ ဒါကြောင့် မဖြစ် ဖြစ်တဲ့နည်းနဲ့ ဒီဆည်ကို ဆောက်ဖို့ နိုင်ငံလုံးဆိုင်ရာသဘောတူညီချက် ရထားတာပါ။ ဒီအမွေအနှစ်တွေကိုထိန်းသိမ်းဖို့ တက်တက်ကြွကြွလှုပ်ရှားတဲ့သူတွေကို ဆည်တည်ဆောက်ရေးအဖျက်အမှောင့်လုပ်တဲ့ သစ္စာဖောက်အဖြစ် ပြောမှာကိုတော့ စိုးရိမ်မိတယ် ” ဟု Aamir က ပြောသည်။
Sering က ဗုဒ္ဓအမွေအနှစ်ကိုထိန်းသိမ်းဖို့ နိုင်ငံတကာအသိုက်အဝန်းကို အားပေးခဲ့ပြီး ပါကစ္စတန်အစိုးရအနေဖြင့် ထိန်းသိမ်းမည်ဟု မယုံကြည်ရကြောင်းဆိုသည်။
“Gilgit Baltistan ဒေသမှာ နေ့စဉ်ကိစ္စရပ်တွေ လုပ်ဆောင်ဖို့ ပါကစ္စတန်အစိုးရအနေနဲ့ ဘဏ္ဍာရေးစွမ်းရည်မရှိပါဘူး။ ရန်ပုံငွေမရှိတဲ့အတွက် Gilgit Baltistan ဒေသမှာ ပထမဆုံး ဆေးကောလိပ်ဖွင့်မယ့် အစီအစဉ်ကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ဒေသယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့အတွက် ဘတ်ဂျက်စုဆောင်းဖို့ ပါကစ္စတန်တွေကို မျှော်လင့်တာဟာ ဖြစ်လိုတဲ့ဆန္ဒသက်သက်သာဖြစ်ပါတယ်” ဟု Aamir က ပြောသည်။