စက်တင်ဘာ ၁၅
ကမ္ဘာဂြိုဟ်ရဲ့ အနီးအပါးရှိ သောကြာဂြိုဟ် (Venus ဂြိုဟ်) ရဲ့ လေထုထဲမှာ ဖြစ်နိုင်ဖွယ်ရာ သက်ရှိလက္ခဏာရပ်တစ်ခုကို နက္ခတ္တဗေဒပညာရှင်များ တွေ့ရှိခဲ့ပါတယ်။ ဆာလဖျူရစ်အက်ဆစ်တွေနဲ့ ပြွတ်သိပ်ဖွဲ့စည်းထားတဲ့ တိမ်တုတွေထဲမှာ ရှင်သန်နေတဲ့ ထူးခြားဆန်းပြားတဲ့ အဏုဇီဝရုပ်တွေ ရှိကောင်းရှိနေနိုင်တဲ့ အရိပ်အမြွက်တွေလည်း ဖြစ်ပါတယ်။
Venus ဂြိုဟ်ရဲ့ ထူထဲလှတဲ့ တိမ်ထုထဲမှာ phosphine ရဲ့ ဓာတုသင်္ကေတကို ဟာဝိုင်ယီနဲ့ ချီလီ ရှိ တယ်လီစကုပ်နှစ်ခုကနေ တွေ့ရှိရိပ်စားမိခဲ့ပါတယ်။ Phosphine ကတော့ အဆိပ်ဓာတ်ငွေ့တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ယင်း ဟာ သက်ရှိတွေနဲ့သာ ဆက်နွယ်ပတ်သက်နေတဲ့ ဓာတ်ငွေ့ဖြစ်ကြောင်း တနင်္လာနေ့ Nature Astronomy ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုက ပြောပါတယ်။
ယင်းဟာ မချင့်မရဲဖြစ်စရာ တွေ့ရှိချက်ဖြစ်ကြောင်း ပြင်ပ ပညာရှင်တချို့နဲ့ လေ့လာချက်မှာ ရေးသားသူတွေကိုယ်တိုင်က သဘောတူခဲ့သော်လည်း ယင်းက အခြားဂြိုဟ်ပေါ်မှာ သက်ရှိတစ်ခုနဲ့ ပတ်သက်လို့ ပထမဆုံး သက်သေပြသနိုင်ဖို့ကတော့ အလှမ်းဝေးနေသေးတယ်လို့ ၎င်းတို့က ပြောပါတယ်။
နက္ခတ္တဗေဒပညာရှင်တွေဟာ ကျွန်ုပ်တို့ နေအဖွဲ့အစည်းပြင်ပရှိ ဂြိုဟ်တွေပေါ်တွင် သက်ရှိတွေ ရှိမရှိ ရှာဖွေမှုတွေအတွက် စီစဉ်ထားရာမှာ အဓိကကျတဲ့ နည်းလမ်းတစ်ခုကတော့ biosignatures လို့ ခေါ်တဲ့ ဇီဝဗေဒလုပ်ငန်း စဉ်တွေနဲ့သာ လုပ်ဆောင်နိုင်တဲ့ ဓာတု ကိုယ်ပိုင်လက္ခဏာရပ်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။
ဟာဝိုင်ယီရှိ ဘားတစ်ခုမှာ နက္ခတ္တဗေဒပညာရှင်သုံးဦး တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့ဟာ ကမ္ဘာနဲ့ အနီးဆုံး ဂြိုဟ် Venus ကို ယင်းနည်းလမ်းအတိုင်း လေ့လာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကမ္ဘာမှာ phosphine ဖွဲ့စည်းနိုင်တဲ့ နည်းလမ်းနှစ်ခုသာ ရှိတယ်လို့ လေ့လာချက်မှာ ရေးသားသူတွေက ပြောပါတယ်။
လေ့လာချက်ကို ပူးတွဲရေးသားသူတစ်ဦးဖြစ်တဲ့ MIT မှ ဂြိုဟ်များဆိုင်ရာ သိပ္ပံပညာရှင် Sara Seager က ပြောကြားရာမှာတော့ သုတေသီများအနေနဲ့ ဖြစ်နိုင်ခြေအားလုံးကို စေ့စပ်ပြည့်စုံစွာ လေ့လာသုံးသပ်ခဲ့ကြောင်း၊ မီးတောင်တွေ၊ မိုးကြိုးပစ်မှုနဲ့ လေထုထဲ သေးငယ်တဲ့ ဥက္ကာခဲတွေ ကျဆင်းမှု ဆိုတဲ့ ဖြစ်နိုင်ခြေအားလုံးကို ထည့်မတွက်ခဲ့ကြောင်း ပြောပါတယ်။
ကျွန်ုပ်တို့ လေ့လာခဲ့တဲ့ ဘယ် ဖြစ်စဉ်တစ်ခုတစ်လေကမှ ကျွန်ုပ်တို့အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ရှင်းပြဖို့ လုံလောက်တဲ့ ပမာဏရှိ phosphine ကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါဘူး။
ရေမရှိဘဲ မျက်နှာပြင်ပေါ်မှာ အပူချိန် ၈၀၀ ဒီဂရီ ခန့် (၄၂၅ ဒီဂရီ ဆဲစိယက်စ်) ရှိတဲ့ နေခင်းထိုင်ခင်း မသာတဲ့ ဂြိုဟ်ပေါ်မှာ သက်ရှိတွေ မည်သို့မည်ပုံ ရှိနေနိုင်တယ် ဆိုတာနဲ့ပတ်သက်လို့ စိတ်မှန်းခြေတစ်ခုကို နက္ခတ္တဗေဒ ပညာရှင်တွေ အဆိုထုတ်လျက်ရှိပါတယ်။
သက်ရှိ ဆိုတာက ဖြစ်နိုင်ခြေ တစ်ခု ဖြစ်ပေမယ့် ပိုမို သက်သေပြနိုင်ဖို့ များစွာ လိုအပ်နေတယ်လို့ ပြင်ပ သိပ္ပံပညာရှင်အချို့က ပြောပါတယ်။