ဇူလိုင် ၂၁
အစောပိုင်း စမ်းသပ်မှုများတွင် ဖြစ်နိုင်ခြေရှိသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နှစ်မျိုးက အလားအလာကောင်းသော ရလဒ်များ ထွက်ရှိခဲ့သည်။
သို့သော် ရှေ့၌ အကြီးဆုံး ကိုင်တွယ်ဖြေရှင်းရဦးမည့် စိန်ခေါ်မှု အချို့ ရှိနေဆဲ ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။
အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့ ပူးတွဲ ထုတ်လုပ်သော ကာကွယ်ဆေးနှင့် တရုတ်ကုမ္ပဏီ CanSino Biologics တို့မှ ထုတ်လုပ်သော ကာကွယ်ဆေး နှစ်မျိုးစလုံးသည် ဘေးကင်းလုံခြုံမှု ရှိပြီး ကိုယ်ခံစွမ်းအား တုံ့ပြန်မှုစနစ်ကို အားကောင်းစေနိုင်ကြောင်း တွေ့ရှိသည်။
သို့သော် အဆိုပါ ဖြစ်နိုင်ခြေရှိသော ကာကွယ်ဆေးများသည် ကူးစက်မှုကို ကာကွယ်နိုင်သည် ဆိုခြင်းကို သက်သေပြနိုင်ရန်မှာ နောက်ထပ် အရေးကြီးသော အချက်ဖြစ်နေသည်။
“ကျွန်တော်တို့ လေယာဉ်ပျံတစ်စင်းကို တည်ဆောက်နေတယ် ဆိုပါစို့၊ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ထုတ်လုပ်မှု အဆင့်ကို ရောက်နေပြီပေါ့။” ဟု အတ္တလန္တာရှိ Emory University School of Medicine မှ အမှုဆောင် တွဲဖက်ဌာနမှူး ဒေါက်တာ ကားလို့စ်ဒဲလ်ရီယိုက ပြေသည်။
မြေပြင်ကနေ ပျံတက်ပြီး ဘေးကင်းစွာ ပျံသန်းနိုင်မယ်လို့တော့ ကျွန်တော်တို့ ပြောနိုင်တယ်။ ဒါပေမယ့် ပါရီထိ ပျံသန်းမယ်ဆိုရင်တော့ ပျံသန်းနိုင်ပါ့မလားဆိုတာ မေးခွန်း ဖြစ်နေတယ်။”ဟု ၎င်းက ဆိုသည်။
လက်ရှိအထိ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုများသည် ခြေလှမ်းအတော် ရောက်နေပြီဖြစ်သည်။ ထုံးစံအားဖြင့် ကာကွယ်ဆေးသစ်တစ်မျိုး ထုတ်လုပ်နိုင်ရေးသည် သုတေသနပြုမှု၊ စမ်းသပ်မှု စသည့် အမျိုးမျိုး သော အဆင့်များဖြင့် ဆယ်စုနှစ် တစ်ခု အကြမ်းဖျင်းအားဖြင့် အချိန်ယူရသည်။
သို့သော် ကမ္ဘာတစ်ဝန်း လူပေါင်း ၆၀၀၀၀၀ ကျော် သေဆုံးပြီဖြစ်သည့် ကပ်ဘေး၏ အားချင်းလိုအပ်ချက်ကြောင့် ကမ္ဘာတစ်လွှားတွင် ဆေးဝါးစမ်းသပ်မှုအဆင့် ရောက်နေသော ကာကွယ်ဆေး နှစ်ဒါဇင်ခန့် ရှိထားပြီ ဖြစ် သည်။