Facebook ၊ WhatsApp ၊ Twitter တို့က ဟောင်ကောင်အစိုးရထံ သုံးစွဲသူဒေတာများ မပေးတော့ရန် ဆုံးဖြတ်

Facebook ၊ WhatsApp ၊ Twitter တို့က ဟောင်ကောင်အစိုးရထံ သုံးစွဲသူဒေတာများ မပေးတော့ရန် ဆုံးဖြတ်

ဇူလိုင် ၈

နာမည်ကျော် ဆိုရှယ်မီဒီယာပလက်ဖောင်းများဖြစ်သည့် Facebook ၊ WhatsApp ၊ Twitter တို့သည် ယခုအခါ ဟောင်ကောင်အာဏာပိုင်တို့ဘက်မှ သုံးစွဲသူအချက်အလက်များ (user data) တောင်းခံမှုများအပေါ် သုံးသပ်စဉ်းစားခြင်းကို ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် ကုမ္ပဏီများအနေဖြင့် တရုတ်အစိုးရပြဋ္ဌာန်းလိုက်သော ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်နှင့်ပတ်သက်၍ ချင့်ချိန်အကဲဖြတ်လျက် ရှိကြောင်း သိရသည်။

တရုတ်ပြည်မကြီးနှင့်ယှဉ်ပါက အင်တာနက် အသုံးပြုနိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုမို ခံစားရရှိထားခဲ့သော ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေသစ်က ကျောချမ်းဖွယ်ရာ သက်ရောက်မှုတစ်ခုကို ရှိစေခဲ့သည်။

ယင်းဥပဒေ စတင်ကျင့်သုံးပြီးနောက် ဟောင်ကောင် ပြည်သူများသည်လည်း ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များကို ဖျက်ပစ်ရမှုများကို စတင်လုပ်ဆောင်ထားခဲ့ပြီး မကြာခင်ကမှ ပေါ်လာခဲ့သည့် နိုင်ငံရေးပါတီတစ်ခုလည်း ပြန်လည် ဖျက်သိမ်းထားခဲ့ရပြီဖြစ်သည်။

အဆိုပါ ဥပဒေအရ ပေကျင်းအာဏာပိုင်တို့အနေဖြင့် အစိုးရအပေါ် ဝေဖန်သော ဟောင်ကောင်ရှိ မည်သူမဆိုကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းအပါအဝင် နှိမ်နင်းဖြိုခွင်းနိုင်မည့် ကျယ်ပြန့်သော အခွင့်အရေး ပေးအပ်ထားခဲ့ပြီ ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ဟောင်ကောင်ဥပဒေနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ လုပ်ဆောင်မပြီးမချင်း ဟောင်ကောင်ထံမှ တောင်းခံမှုများကို လက်ခံစဉ်းစားပေးတော့မည်မဟုတ်ဟု Facebook ၏ ပြောရေးဆိုခွင့်ရှိသူ အန်ဒီ စတုန်းက ပြောသည်။

“လွတ်လပ်စွာ ထုတ်ဖော်ခွင့်က အခြေခံကျတဲ့ လူ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ လူတွေကိုလည်း သူတို့ရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်စရာ မလိုဘဲ ကိုယ်တိုင် ထုတ်ဖော်နိုင်ခွင့် ရှိဖို့ကို ကျွန်တော်တို့ ထောက်ခံပါတယ်” ဟု စတုန်းက ထုတ်ပြန်ပြောသွားသည်။

ဥပဒေ စိုးမိုးရေးနှင့် အစိုးရ အေဂျင်စီများအနေဖြင့် စုံစမ်းစစ်ဆေးမှုများ၏ တစိတ်တဒေသဖြစ်စေ သို့မဟုတ် အခြားသော စိုးရိမ်ပူပန်စရာ ကိစ္စရပ်များကြောင့် ဖြစ်စေ အွန်လိုင်းသုံးစွဲသူအကောင့်များနှင့် ၎င်းတို့၏ အွန်လိုင်းပေါ်ရှိ လုပ်ဆောင်ချက်များနှင့်ပတ်သက်သော အချက်အလက်များကို လွှဲပြောင်းပေးရန် Facebook ထံ တောင်းခံနိုင်သည်။

Facebook အနေဖြင့်လည်း အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် ဘေးကင်းလုံခြုံမှုကို ထောက်ကူရန်အလို့ငှာ ဥပဒေစိုးမိုးရေး အသိုင်းအဝိုင်းနှင့် အတူလုပ်ဆောင်လျက် ရှိသော်ငြား တောင်းခံလာသည့် ပန်ကြားချက်တစ်ခုစီတိုင်းသည် တရားဝင် ဖြစ်သလား ဆိုသည်ကို ပြန်လည်သုံးသပ်စဉ်းစားကြောင်း ပြောသွားခဲ့သည်။

အလားတူ အခြားသော ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည့် Twitter ကလည်း ဟောင်ကောင်တွင် လုံခြုံရေးဥပဒေ အသက်ဝင်လာသည့် ပြီးခဲ့သည့်အပတ်မှစ၍ ဟောင်ကောင်အစိုးရထံမှ သုံးစွဲသူဒေတာအချက်အလက် တောင်းခံမှုများကို ပေးမှုကို ချက်ချင်း ရပ်ဆိုင်းထားကြောင်း ထုတ်ဖော်ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly